မန်ယူအသင်းဟာ ကမ္ဘာကျော်အားကစားပစ္စည်းကုမ္ပဏီဖြစ်တဲ့ Adidas နဲ့ ပေါင်သန်း ၉၀၀ ကျော်တန်ကြေးရှိ စာချုပ်တစ်ရပ်တိုးမြှင့်ချုပ်ဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ ဂျာမန်အားကစားပစ္စည်းကုမ္ပဏီ Adidas နဲ့ ပြီးခဲ့တဲ့ ၁၀ နှစ် စာချုပ် ချုပ်ဆိုခဲ့ရာမှာ ပေါင်သန်း ၇၅၀ သာ တန်ကြေးရှိပေမယ့် အခုချုပ်ဆိုလိုက်တဲ့ စာချုပ်ကတော့ အနည်းဆုံး ပေါင်သန်း ၉၀၀ ရှိမယ်လို့ ခန့်မှန်းရပြီး လာမယ့် ၂၀၃၅ ခုနှစ်ထိ ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တာပါ။
ဒါဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ အကြီးမားဆုံး ဂျာစီစပွန်ဆာ စာချုပ်လည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ချဲလ်ဆီးအသင်းဟာ Nike ကုမ္ပဏီနဲ့ ပေါင်သန်း ၉၀၀ တန်ကြေးရှိ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် အဲဒီစာချုပ်ဟာ သက်တမ်းအားဖြင့် ၁၅ နှစ်ရှိခဲ့တာဖြစ်ပါတယ်။
စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိပြီးနောက်မှာ မန်ယူအသင်းရဲ့ စီအီးအို ရစ်ချတ်အားနိုးက “မန်ယူအသင်းနဲ့ Adidas တို့ ကြားက ဆက်ဆံရေးဟာ ကမ္ဘာအားကစားလောကမှာ အထင်ကရအဖြစ်ဆုံး ဖြစ်ပါတယ်။ ကျတော်တို့ရဲ့ မိတ်ဖက် Adidas ၁၉၈၀ ခုနှစ်တွေ အစပြုခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာမှာ ဆန်းသစ်တဲ့ဒီဇိုင်း၊ နည်းပညာတွေနဲ့ အားကစားဂျာစီတွေကို ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Adidas ကုမ္ပဏီဟာ ၁၉၈၀ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ မန်ယူအသင်းရဲ့ ဂျာစီအတွက် တာဝန်ယူခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာတော့ မိတ်ဖက်စပွန်ဆာကုမ္ပဏီအဖြစ် စတင်လက်တွဲခဲ့တာဖြစ်ပါတယ်။ အခုလို စပွန်ဆာကြေး တိုးမြင့်လာတာဟာ မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတာကြောင့် ဖြစ်ပြီး အကယ်၍သာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်မရဘူးဆိုရင် ပေးချေရမယ့် နှစ်စဉ်ကြေးကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။
Era’sEye\SportNews