ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက ဂိုးသမား တစ်ယောက်၊ ဆီယက်တဲလ်က နောက်ခံလူတစ်ယောက်၊ ဝါရှင်တန်ဒီစီက တိုက်စစ်မှူးတစ်ယောက်…, အဲဒီကစာသမားတွေဟာ အခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဖိလစ်ပိုင်အသင်းရဲ့ ကစားသမားအချို့ဖြစ်ပါတယ်။
အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဖိလစ်ပိုင်အသင်းရဲ့ ကစားသမား ၂၃ ဦး စာရင်းမှာ ၁၈ ဦးက အမေရိကန်နိုင်ငံဖွါးတွေ ဖြစ်နေကြတာပါ။ ဖိလစ်ပိုင်အမျိုးသမီးအသင်းမှ မဟုတ်ပါဘူး။ ဟေတီ၊ ဂျမေကာ အစရှိတဲ့ အခြားပြိုင်ပွဲဝင်အသင်းတွေမှာ ဒါဇင်နဲ့ချီတဲ့ အမေရိကန်နိုင်ငံဖွါးကစားသမားတွေ ပါဝင်နေလို့ အမေရိကန်အမျိုးသမီးအသင်းဟာ တနင်္ဂနွေနေ့က ဆွီဒင်အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် ပြိုင်ပွဲဝင်အသင်းတွေအပေါ် လွှမ်းမိုးမှုရှိနေဆဲဆိုတာ သိသာထင်ရှားနေပါတယ်။
ဒါဟာ နယ်စပ်ဖြတ်ကျော်ပြီး ပိုမိုကောင်းမွန်တဲ့ အခွင့်အလှမ်းတွေကို ရှာဖွေဖို့ ဒါမှမဟုတ် အမွေအနှစ်တွေနဲ့ ချိတ်ဆက်ဖို့ နှစ်နိုင်ငံသားခံယူထားတဲ့ အားကစားသမားတွေတိုးပွါးလာတာ ကမ္ဘာ့အားကစားသဘောသဘာ၀မှာ ထင်ဟပ်မှုတစ်ခုဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဖွါး အမျိုးသမီးကစားသမားတွေ အခြားနိုင်ငံတွေမှာ သွားကစားပြီး နာမည်ကြီးနေတာပေမယ့် အမေရိကန်အမျိုးသားအသင်းမှာတော့ နိုင်ငံရပ်ခြားက ကစားသမားတွေ တိုးဝင်နေယူနေတာကတော့ ဆန့်ကျင်ဘက် ကြီးဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် အမေရိကန်အမျိုးသားအသင်းမှာ နိုင်ငံရပ်ခြားက ပြောင်းရွှေ့အခြေချတဲ့ ကစားသမား ၇ ဦးအထိ ပါဝင်ခဲ့ပါတယ်။ အဲဒီထဲမှာ ဗြိတိန်ကပြောင်းလာတဲ့ ဖူလ်ဟမ်နောက်ခံလူ အန်တိုနီရော်ဘင်ဆင်၊ ဘာစီလိုနာက နယ်သာလန်ုနိုင်ငံဖွါး ဆာဂျီနိုဒက်စ်တို့ လည်း အပါအဝင်ဖြစ်ပါတယ်။
အထင်ရှားဆုံးပြရမယ်ဆိုရင် အမေရိကန်နိုင်ငံဖွါး တိုက်စစ်မှူး တင်မ်ဝီယာဆိုတာဟာ လိုက်ဘေးရီးယားဂန္ထဝင်ကစားသမားကြီးလည်းဖြစ်၊ လိုက်ဘေးရီးယားသမ္မတလည်းဖြစ်တဲ့ ဂျော့ဝီယာရဲ့ သားဖြစ်ပါတယ်။
ဒီရေစီးကြောင်းရဲ့ နောက်ကွယ်မှာ မြောက်မြားလှတဲ့ အကြောင်းတရားတွေရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
အကျဉ်းချုံ့ကြည့်မယ်ဆိုရင်တော့ အမေရိကန်အမျိုးသားဘောလုံးအသင်းနဲ့ အမျိုးသမီးဘောလုံးအသင်းတွေကြားမှာ ကြီးမားတဲ့ ခြေစွမ်းကွာခြားချက်ရှိနေတာက အဓိက ဖြစ်ပါတယ်။
အမေရိကန်အမျိုးသမီးဘောလုံးအသင်းဆိုတာက သမိုင်းဝင်အောင်မြင်မှုတွေဖြစ်တဲ့ ကမ္ဘာ့ဖလား ၄ ကြိမ်၊ အိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ် ၄ ကြိမ် ရရှိထားတဲ့အသင်းဖြစ်ပါတယ်။ ပိုပြီး ထင်ရှားတာက ၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး အမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ်အထိ နှစ်စဉ်တက်ရောက်နိုင်ပြီး အမျိုးသားအသင်းကတော့ ကွာတားဖိုင်နယ်အဆင့်ကို တစ်ကြိမ်သာ တက်ရောက်နိုင်ခဲ့သလို ဆုဖလားကို စိန်ခေါ်နိုင်တဲ့အခြေအနေကတော့ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ပါဘူး။
အဲဒီလို လုံးလုံးလျားလျား ခြေစွမ်း ကွာခြားနေတာဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ နိုင်ငံသားတွေကို အချိုးကျရွေးချယ်ခြင်းကြောင့်ဖြစ်တယ်လို့ ရော့သာဒမ်က အီရာမက်စ်တက္ကသိုလ်ရဲ့ Sport and Nation သုတေသနဌာနဒါရိုက်တာ ဂျစ်ဘတ်အွန်းခ်က ရှင်းပြပါတယ်။
Sport and Nation သုတေသနဌာနဟာ ဘောလုံးနဲ့ အိုလံပစ်ပြိုင်ပွဲတွေက နိုင်ငံသားနဲ့ ရွှေ့ပြောင်းနေထိုင်နေသူတွေရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်လေ့လာနေကြတာဖြစ်ပါတယ်။
အမေရိကန်အမျိုးသမီးအသင်းရဲ့ လွှမ်းမိုးမှုသမိုင်းကြောင်း
၁၉၇၂ မှာ အတည်ပြုခဲ့တဲ့ နိုင်ငံသားအခွင့်အရေး ဥပဒေအပိုဒ် ၉ ဟာ အမေရိကန်အမျိုးသမီးဘောလုံးအသင်း အောင်မြင်ရတဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်တယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။
အဲဒီဥပဒေဟာ လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံခြင်းကို တားမြစ်ထားတဲ့ဥပဒေတစ်ခုဖြစ်ပြီး ပြည်ထောင်စုရန်ပုံငွေထောက်ပံ့ထားတဲ့ ကျောင်းတွေအနေနဲ့ အမျိုးသားအားကစားသမားတွေကို စကောလားရှစ်ပေးမယ်ဆိုရင် အမျိုးသမီးတွေကိုပါ တန်းတူညီမျှပေးရမယ်လို့ ပြဌာန်းထားတာပါ။ ဒါကြောင့်လည်း ဘောလုံးအားကစားဟာ အဆင့်မြင့်ပညာရေးလမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပြီး အကျိုးဆက်အနေနဲ့ ဘောလုံးကစားတဲ့ အမျိုးသမီးအရေအတွက်လည်း တမုဟုတ်ချင်း တိုးပွါးလာခဲ့ပါတယ်။
အမျိုးသမီးပရိုဂရမ်တွေမှာ ငွေကြေးအမြောက်အများသုံးစွဲဖို့ကိုလည်း ကောလိပ်တွေကို တွန်းအားပေးလာခဲ့ကြပါတယ်။
“အဲဒီလစ်လပ်နေတဲ့နေရာမှာ အမျိုးသမီးတွေအတွက် လက်တွေ့ကျတဲ့ ရင်းမြစ်တွေ ရှိမနေခဲ့ပါဘူး။ ဥပဒေအပိုဒ် ၉ ကတော့ အမေရိကန်အမျိုးသမီးအားကစားသမားတွေအတွက် ပြောင်းလဲမှုကြီးတစ်ခုပဲဖြစ်ပါတယ်။ အမျိုးသမီးအားကစားနဲ့ပတ်သက်ပြီး တကမ္ဘာလုံး ရင်းနှီးမြုပ်နှံမှုတွေမလုပ်ခင်ကတည်းက အမေရိကန်အမျိုးသမီးတွေမှာ ကြီးမားတဲ့ အားသာချက်တွေရှိနေခဲ့တာပါ”လို့ Marist ကောလိပ်ကအားကစား နဲ့ ပေါင်းသင်းဆက်ဆံရေး စီနီယာသင်တန်းနည်းပြဆရာ လင်ဒါရှက်လက်ကန်က ပြောပြပါတယ်။
အင်္ဂလန်နိုင်ငံမှာ အမျိုးသမီးတွေ ဘောလုံးကစားမှုကို ပိတ်ပင်ထားတဲ့ ဥပဒေရုပ်သိမ်းပြီး တစ်နှစ်အကြာမှာ ဥပဒေအပိုဒ် ၉ ကို အမေရိကန်ဖက်ဒရယ်ဥပဒေအဖြစ် ပြဌာန်းနိုင်ခဲ့သလို အဲဒီအချိန်က ဘရာဇီးနိုင်ငံမှာလည်း အမျိုးသမီးတွေ ဘောလုံးကစားခြင်းကို ခွင့်မပြုသေးတဲ့အတွက် အမေရိကန်အမျိုးသမီးအားကစားသမားတွေဟာ အခြားနိုင်ငံထက် သာလွန်နေခဲ့တာဖြစ်ပါတယ်။
တနည်းအားဖြင့် တကမ္ဘာလုံးက အမျိုးသမီးဘောလုံးအားကစားအပေါ် အာရုံစိုက်လာပြီး လှုပ်ရှားမှု နှေးကွေးနေချိန်မှာ ဥပဒေအပိုဒ် ၉ က အမေရိကန်နိုင်ငံမှာ အသက်ဝင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားဘောလုံးအသင်းကတော့ အကြောင်းပြချက်ပေါင်းများစွာနဲ့ပဲ ကမ္ဘာ့ဘောလုံးပြိုင်ဘက်များထက် နောက်ကျကျန်နေခဲ့ပါတယ်။ နိုင်ငံတကာပြိုင်ဘက်တွေက ခက်ခဲတဲ့ ကွင်းတွင်းပြိုင်ဆိုင်မှုအတွက် လူငယ်အကယ်ဒမီတွေတည်ဆောက်ပြီး ပြုစုပျိုးထောင်နေချိန်မှာ အမေရိကန်နိုင်ငံမှာတော့ ကောလိပ်ဘောလုံးပြိုင်ပွဲကစားဖူးမှ ပရိုကစားသမားဖြစ်ရမယ်ဆိုတဲ့ အစဉ်အလာသတ်မှတ်ချက်ကြီးကလည်း ဟန့်တားမှုတစ်ခုဖြစ်နေခဲ့တာပါ။
စပိန်၊ အင်္ဂလန်နဲ့ အာဂျင်တီးနားမှာ ဆယ်ကျော်သက်ကစားသမားတွေက ကောလိပ်ဘောလုံးပြိုင်ပွဲကစားဖို့မလိုဘဲ အကယ်ဒမီတက်ပြီး ပရိုအဖြစ်ပြောင်းလဲသွားကြတယ်”လို့ လင်ဒါရှက်လက်ကန်က ထောက်ပြပြောဆိုခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အခွင့်အရေး အမျိုးသမီးဘောလုံးပြိုင်ပွဲတွေမှာ အမေရိကန်အသင်း ကြီးစိုးထားနိုင်တာ၊ အမေရိကန်အမျိုးသမီးဘောလုံးဖွံ့ဖြိုးတိုးတက်မှုမြင့်မားနေတာဟာ နိုင်ငံတွင်းမှာ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတွေ လက်ရွေးစင်အသင်းတစ်သင်းစာ မက ရှိနေလို့ဖြစ်ပါတယ်။
လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတဲ့ ကစားသမားတွေအနေနဲ့ သူတို့ကစားချင်တဲ့ အသင်းကို ရှာလိုက်ရုံပါပဲ။
“အမေရိကန်မှာမွေးပြီး အမေရိကန်မှာပဲ ကြီးပြင်းလာတဲ့သူဟာ နိုင်ငံနှစ်ခုမှာ နိုင်ငံသားအဖြစ် (Duel Citizenship) ခံယူထားမယ်ဆိုရင်…, ဥပမာ နိုင်ဂျီးရီးယား၊ ဂျမေကာ ဒါမှမဟုတ် မက္ကဆီကိုပေါ့၊ သူ့အနေနဲ့ ဘောလုံးခြေစွမ်းအရမ်းကောင်းနေတယ်ဆိုရင် အမေရိကန်အသင်းမှ မဟုတ်ဘူး တခြားနိုင်ငံအတွက် လည်း ကိုယ်စားပြုကစားခွင့်ရှိတယ်”။
ဒါက Sport and Nation သုတေသနဌာနဒါရိုက်တာ ဂျစ်ဘတ်အွန်းခ်က ရှင်းပြသွားခဲ့တာပါ။ ခြေစွမ်းကောင်းတဲ့ အမျိုးသမီးကစားသမားတွေဟာ သူတို့အနေနဲ့ အမေရိကန်အမျိုးသမီးအသင်း ၂၃ ဦး ကစားသမားစာရင်းမှ ရွေးချယ်မခံရဘူးဆိုရင် ဒါမှမဟုတ် ပွဲမကစားရဘဲ အရံခုံမှာပဲ ထိုင်နေရတယ်ဆိုရင် ခြေစွမ်းပြသခွင့်အတွက် နောက်တစ်သင်းကို ရွေးချယ်လာကြပါတယ်။
မူလဇစ်မြစ်ကို ရွေးချယ်ခြင်း
အမျိုးသမီးတော်တော်များများဟာ အခြားနိုင်ငံတစ်ခုကို ကိုယ်စားပြုဖို့ ရွေးချယ်ကြပြီဆိုရင် သူတို့ရဲ့ မူလဇစ်မြစ်ကိုပဲ ရွေးချယ်ကြတာများပါတယ်။ ဖီဖာရဲ့ စည်းမျဉ်း၊စည်းကမ်းတွေအရလည်း ကစားသမားတွေဟာ ကိုယ်စားပြုနိုင်ငံကို ရွေးချယ်ရာမှာ သူတို့မွေးဖွါးရာနိုင်ငံ ဒါမှမဟုတ် မိဘနဲ့ ဘိုးဘွားတွေမွေးဖွါးရာနိုင်ငံကိုပဲ ကိုယ်စားပြုခွင့်ရှိပါတယ်။
မျိုးရိုးနဲ့မသက်ဆိုင်ပေမယ့် အချိန်တစ်ခုထိ နေရာတစ်ခုမှာ ကာလရှည်နေထိုင်လာခဲ့တယ်ဆိုရင်လည်း အဲဒီနိုင်ငံကို ကိုယ်စားပြုခွင့်ရရှိမှာဖြစ်ပါတယ်။ အမေရိကန်ဖွါးတွေတော်တော်များများကလည်း ခိုင်ခိုင်မြဲမြဲ အချိတ်အဆက်မိဖို့အတွက် သူတို့မိသားစုဝင်တွေနေထိုင်ခဲ့တဲ့ နိုင်ငံကိုပဲ ရွေးချယ်ကြတာကိုတွေ့ရပါတယ်။
ဆာရီနာဘိုဒန်ဆိုရင် ဖိလစ်ပိုင်အသင်းကို ကိုယ်စားပြုကစားခွင့်မရခင်အချိန်ထိ ဖိလစ်ပိုင်နိုင်ငံကို တစ်ကြိမ်တစ်ခါမှတောင် မရောက်ခဲ့ဖူးပါဘူး။ ဖလော်ရီဒါက အသက် ၂၀ အရွယ် နိုအာဂန်သီယာဆိုရင်လည်း သူမအဖေရဲ့ မွေးရပ်ဇာတိ ဟေတီမြေမှာ လေ့ကျင့်ခန်းဆင်းတော့ ရင်းနှီးတဲ့ စိတ်ခံစားမှုတစ်ခုကို ရခဲ့တယ်လို့ ဆိုပါတယ်။
ဗာဂျီးနီးယားမှာ မွေးတဲ့ ဒန်နီရယ်လီ အီသီယန်ကလည်း “ကျမ အဖေက ဟေတီလက်ရွေးစင်အသင်းမှာ ကစားခဲ့တာပါ။ ကျမက အမေရိကန်နိုင်ငံသားဖြစ်နေပေမယ့် ဟေတီလူမျိုးက ဟေတီလူမျိုးပါပဲ”လို့ ထုတ်ဖော်ပြောပြသွားခဲ့ပါတယ်။
ဂလိုဘယ်လိုက်ဇ်ဖြစ်လာတော့မယ့် အားကစားကမ္ဘာရဲ့အနာဂတ်
လက်ရှိအချိန်ထိတော့ အမေရိကန်လက်ရွေစင်ဘောလုံးအသင်းတွေမှာ နိုင်ငံခြားဖွါးကစား သမား ပါဝင်မှုအရေအတွက်က ဆယ်စုနှစ်တစ်ခုကြာ တည်ငြိမ်နေဆဲဖြစ်ပြီး အမျိုးသားအသင်းမှာ ၁၀ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်း၊ အမျိုးသမီးအသင်းမှာ ၆ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိရှိနေတာကို Sport and Nation သုတေသနဌာနရဲ့ မှတ်တမ်းတွေမှာတွေ့ရတယ်လို့ ဒါရိုက်တာ ဂျစ်ဘတ်အွန်းခ်က ပြောပါတယ်။
အခုချိန်မှာ နိုင်ငံတော်တော်များများက နှစ်နိုင်ငံသားခံယူထားတဲ့ ကစားသမားတွေကို သူတို့ရဲ့နိုင်ငံအတွက် ကိုယ်စားပြုဖို့ စိတ်ဝင်စားလာကြတယ်လို့ ဒါရိုက်တာ ဂျစ်ဘတ်အွန်းခ်က မက္ကဆီကိုနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေကို ရည်ညွှန်းပြောဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် အာဖရိကနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ဗီယက်နမ်းနိုင်ငံတွေကလည်း နိုင်ငံရပ်ခြားမှာနေထိုင်၊ ကြီးပြင်းလာသူတွေကို သူတို့နိုင်ငံကိုယ်စားပြုဖို့ ကြံဆောင်နေတာတွေရှိပါတယ်။
တကယ့်လက်တွေ့မှာတော့ မျိုးရိုးမရှိတဲ့ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ဆိုတာ အငြင်းပွါးဖွယ်ရာအချက်တွေ အများကြီးရှိနေပါတယ်။
ဥပမာဆိုရရင် ဘရာဇီးနိုင်ငံဖွါး အဲလ်ကီဆန်ဟာ ၂၀၁၉ ခုနှစ်မှာ ဘရာဇီးနိုင်ငံသားခံယူခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်မယ့် တရုတ်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ဖီဖာက အခြေချနေထိုင်မှုစည်းမျဉ်းနဲ့ ငြင်းပယ်ပြီး ပါဝင်ကစားခွင့်မပြုခဲ့ပါဘူး။
အဲဒီသာဓကတွေကြောင့်ပဲ ကမ္ဘာ့အားကစားလောကရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ တန်ဖိုးကို မေးခွန်းထုတ်စရာတွေလည်း ဖြစ်လာခဲ့ပါတယ်။ နောက်တစ်ချက်က ထူးချွန်တဲ့အားကစားသမားတွေကို အခွင့်အရေးတွေနဲပ မက်လုံးပေး ဆွဲဆောင်မှုက ချမ်းသာတဲ့နိုင်ငံတွေအတွက် အားသာချက်တစ်ခုဖြစ်စေပြီး တခြားနိုင်ငံငယ်တွေအတွက်ကတော့ မမျှတမှုကိုဖြစ်ပေါ်စေပါတယ်။
ဒီလိုကိစ္စတွေအဆုံးသတ်ဖို့အတွက် အားကစားအဖွဲ့ချုပ်တွေအနေနဲ့ အားကစားသမားတွေကို ကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ စည်းမျဉ်းဥပဒေတွေချမှတ်နိုင်ဖို့ လိုပါတယ်။
ကျွမ်းကျင်သူတွေကတော့ ဒီနေ့ကမ္ဘာမှာ နိုင်ငံ နှစ်ခုကနေ ၃ ခု နိုင်ငံသားခံယူမှု များပြားလာတာနဲ့အမျှ အားကစားအသင်းတွေဟာ အဲဒီလိုကိစ္စမျိုးတွေကို မလွှဲမရှောင်သာ ကြုံတွေ့နေကြရဦးမှာဖြစ်တယ်လို့ သုံးသပ်ဝေဖန်ခဲ့ကြပါတယ် ခင်ဗျား . . .။
Era’sEye\SportArticle