စစ်ကောင်စီနဲ့ပူးပေါင်တဲ့ ကျန်းမာရေးဝန်ထမ်း (၆၀) ကို အမည်ပျက် ဝန်ထမ်းတွေအဖြစ် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဩဂုတ်လ (၂၈)ရက်နေ့မှာ ကြေညာထားချက်အရ သိရပါတယ်။
ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ CDM/Non-CDM စုံစမ်းစစ်ဆေးရေးကော်မတီအနေနဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာကို စစ်ဆေးတွေ့ရှိရတာကြောင့် အခုလို ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။အခုလို အမည်ပျက်ဝန်ထမ်းတွေအဖြစ် ကြေညာတဲ့အထဲမှာ မြို့နယ်ဆေးရုံနဲ့ တိုက်နယ်ဆေးရုံတွေက အများဆုံးဖြစ်ပြီး လက်ထောက်ဆရာဝန်တွေနဲ့ အထက်တန်းသူနာပြုတွေပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ကန်ပက်လက်မြို့နယ်ရှိ ဌာနဆိုင်ရာအသီးသီးက Non-CDM တွေကို အမည်ပျက်စာရင်းမှာ ထည့်သွင်းပြီး ဆက်လက် ထုတ်ပြန်ကြေညာသွားမယ်လို့လည်း ဆိုထားပါတယ်။
အခုကြေညာထားတဲ့ Non-CDM စာရင်းမှာ ပါဝင်တဲ့ CDM ဝန်ထမ်းတွေ ရှိပါက ခိုင်လုံသော အထောက်အထားနဲ့ CDM/Non-CDM စုံစမ်းစစ်ဆေးရေးကော်မတီထံသို့ အယူခံဝင်ခွင့်ရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။နိုင်ငံရေးသုံးသပ်တဲ့သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဒီအချိန်မှာ ဒါတွေ လုပ်နေတာဟာ ပြည်သူတွေကိုပဲ ထိခိုက်စေမှာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။
ငွေကြေးချို့တဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေမှာ အားကိုးစရာဆိုလို့ မြို့နယ်ဆေးရုံနဲ့ တိုက်နယ်ဆေးရုံတွေပဲ ရှိတယ်လို့ ပြောပါတယ်။
ငွေကြေးချမ်းသာတဲ့သူတွေကတော့ ထိုင်းနိုင်ငံနဲ့ ရန်ကုန်လို မြို့ပြတွေမှာ ဆေးကုသနိုင်ပေမယ့် ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေအနေနဲ့ ဒီလိုဆေးရုံတွေကိုပဲ အားကိုးနေရတဲ့အတွက် သာမန်အရပ်သားပြည်သူတွေကို ပိုပြီးထိခိုက်စေပါတယ်လို့ ထောက်ပြကြပါတယ်။
တော်လှန်ရေး ကြာလာတဲ့နဲ့အမျှ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပအဖ၊ ပကဖ၊ ပလဖ ဆိုတဲ့ “ ပ” သုံးလုံးအကြားမှာ ကြားညပ်လာရပြီး ပြည်သူတွေဟာ ဘယ်သူ့ကို အားကိုးရမလဲ ဆိုတာကို မသိတော့ကြောင်း ဒေသခံပြည်သူတွေက ဆိုပါတယ်။ အခုအချိန်မှာတော့ ပြည်သူတွေဟာ နှစ်ဖက်လုံးကို ကြောက်နေရပြီး တနေ့ထက်တနေ့ ပိုပြီး ကျပ်တည်းလာကြောင်း ဆိုပါတယ်။
NUG အစိုးရဟာ နိုင်ငံရပ်ခြားကနေ စာတွေသာ ထုတ်ပြီး မီတာခမဆောင်ရလို့ ပြောကြားပေမယ့် မီတာခမဆောင်လို့ မီးဖြတ်ခံရသူက ပြည်သူတွေသာဖြစ်တဲ့အတွက် NUG အစိုးရဟာ ကိုယ့်ရဲ့ အာဏာတည်ဆောက်ရေးထက် ပြည်သူတွေအတွက် စဉ်းစားပြီး အလုပ်လုပ်သင့်တယ်လို့ ရန်ကုန်ဒေသခံတဦးက ပြောပါတယ်။
Era’sEye\News