ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုးစီသရေကျပြီးတဲ့နောက် အာဆင်နယ်အသင်းရဲ့ ဦးစားပေး ဂိုးသမားနေရာကနေ ရမ့်စ်ဒေးကို ဖယ်ရှားပေးဖို့ ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။
ရမ့်စ်ဒေးဟာ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ကျွံထွက်လာတဲ့ ဘောလုံးကို ထွက်ဆွဲဖို့ ဂိုးရှေ့ပြေးထွက်လာရာကနေ ဖူလ်ဟမ်ကွင်းလယ်လူ ပါရဲရားရဲ့ ဦးဆောင်ဂိုးသွင်းယူခြင်းခံခဲ့ရသလို ဒုတိယပိုင်းမှာလည်း ဒုတိယဂိုးထပ်ပေးခဲ့ရလို့ ပရိသတ်တွေက စိတ်ပျက်ခဲ့ကြတာပါ။
ဒီရာသီ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ၃ ပွဲစလုံးကို ဂိုးသမား ရမ့်စ်ဒေး ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး အဲဒီ ၃ ပွဲမှာ ဂိုးမပေးခဲ့ရတဲ့ပွဲက ခရစ္စတယ်ပဲ့လေ့စ်အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တဲ့ တစ်ပွဲတည်းသာ ရှိခဲ့တာပါ။ ပွဲဦးထွက် ၃ ပွဲမှာတင် အမှားအယွင်းများခဲ့တဲ့ ဂိုးသမားရမ့်စ်ဒေးရဲ့ စွမ်းဆောင်ရည်ကို အာဆင်နယ်ပရိသတ်တွေ စိတ်ပျက်နေကြပြီး သူ့နေရာမှာ ဘရန့်ဖို့ဒ်အသင်းက အငှားနဲ့ခေါ်ယူထားတဲ့ ဂိုးသမား ဒေးဗစ်ရာယာ ကို ပွဲထုတ်ဖို့ နည်းပြအာတီတာကို ဖိအားပေးနေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်ရာသီလုံး အာဆင်နယ်အသင်းရဲ့ အမာခံပွဲထွက်ဂိုးသမားဖြစ်ခဲ့တဲ့ ရမ့်စ်ဒေးအနေနဲ့ တစ်ရာသီလုံး ဂိုးမပေးရတဲ့ပွဲ ၁၃ ပွဲအထိ ရှိခဲ့ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ကွင်းပွဲစဉ်တွေမှာ ဂိုးမပေးရတဲ့ပွဲက ၄ ပွဲသာရှိခဲ့တာပါ။
ဒါကြောင့် ပရိသတ်တွေက ဖူလ်ဟမ်နဲ့ပွဲစဉ်အပြီးမှာ ရမ့်စ်ဒေးအစား ဒေးဗစ်ရာယာကို ပွဲထွက်ခွင့်ပေးဖို့ တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
Era’sEye\SportNews