စက်တင်ဘာလ (၂)ရက်နေ့က ဒီမော့ဆိုမြို့ရှိ ကုန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ KRU ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
သေးဆူလဲနဲ့ ပူးဖားရွာတွေက စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီတပ်ပေါင်းစုအဖွဲ့တွေက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တဲ့အချိန်မှာ တစ်ပြိုင်နက်တည်း ကုန်းသာရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က ဆိုပါတယ်။
အဲ့ဒီလို၀င်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ်နဲ့ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်နောက်ဆုတ်သွားခဲ့တာကြောင့် ကုန်းသာရွာထဲကို ဝင်ရောက်စီးနင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ ရွာထဲမှာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးတာရှိခဲ့ပါတယ်။ တပ်နောက်ဆုတ်တဲ့ချိန်မှာ သူတို့ရဲ့မိုင်းတွေ အများအပြားထောင်ထားတာကြောင့် နယ်မြေရှင်းလင်းဖို့ အခက်အခဲရှိတဲ့အတွက် ပစ္စည်းအချို့သာ သိမ်းပိုက်ရရှိခဲ့ပါတယ်” လို့ KRU က ဆိုထားပါတယ်။
စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်တွေဖြစ်တဲ့ KRU၊ DMO PDF တပ်ရင်း (၄)၊ KNDF BO (01)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိခဲ့ဘဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကရင်နီဒေသဟာ စစ်ရေးအရ အပြင်းထန်ဆုံး အနေအထားမှာရှိနေတာကြောင့် လိုအပ်တာတွေရှိနေခဲ့ကြပြီး ဝိုင်းဝန်းကြိုးစားကြဖို့ကို KRU က ထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။