မန္တလေးကနေ ဗန်းမော်ကို ဆန်တက်နေတဲ့ စစ်ကောင်စီသင်္ဘောတွေဟာ ထီးချိုင့်မြို့နယ်၊ မြတောင်ဆိပ်ကမ်းကနေ စက်တင်ဘာ ၁၅ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ဆက်လက်ဆန်တက်ခဲ့ပါတယ်။
အဲဒီ့သင်္ဘောပေါ်က စစ်ကောင်စီတပ်တွေဟာ မြစ်ကမ်းအနီးက ကျေးရွာတွေကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတဦးဒဏ်ရာရခဲ့ပြီး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ဒေသခံတွေက ဆိုပါတယ်။
စစ်သင်္ဘောတွေပေါ်က ပစ်ခတ်မှုကြောင့် ဟင်္သာကြီးစုကျေးရွာက နွား (၈) ကောင်နဲ့ ဝက် (၃) ကောင် သေဆုံးခဲ့ပြီး နေအိမ်တွေ အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဟင်္သာကြီးစုရွာနဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ ဧရာဝတီမြစ်ရဲ့အနောက်ဘက် ကျောက်မှော်ကျေးရွာက ဒေသခံတစ်ဦးလည်း လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ပြီး အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
လက်ရှိမှာ စစ်သင်္ဘောတွေဟာ ဆက်လက်ဆန်တက်နေပြီး ကသာမြို့နယ်နဲ့ ထီးချိုင့်နယ် အစပ်နားက အင်းရွာ ဆိပ်ကမ်းအနီးမှာ တပ်မ ၇၇ နဲ့ တပ်မ ၈၈ တို့က ဆိပ်ကမ်းအနီးကကျေးရွာတွေမှာ ကြိုတင်လုံခြုံရေးယူပေးနေတယ်လို့ သိရပါတယ်။