တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ်(၅၅၆)ခြေမြန်တပ်ရင်းကို စက်တင်ဘာလ (၁၉)ရက်နေ့က လက်နက်ကြီးနဲ့ (၂) ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ အမှတ်(၅၅၆)ခြေမြန်တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်၊ မြိတ်ခရိုင်တပ်ရင်း(၂)နဲ့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူနာတင်ယာဉ် (၂) စီးနဲ့ မြိတ်မြို့နယ်သို့ သယ်ယူသွားခဲ့တယ်လို့ သိရပြီး ပူးပေါင်းအဖွဲ့ဘက်က အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ခမရ(၅၅၆)တပ်ရင်းဟာ ဇဝဲလမ်းဆုံမှာ ဂိတ်ချထားပြီး ခရီးသွားပြည်သူတွေဆီကနေ အဓမ္မငွေကြေးတောင်းခံနေတဲ့ တပ်ရင်းတစ်ခုဖြစ်ကာ လွန်ခဲ့တဲ့ရက်ပိုင်းက တပ်မဟာ(၆)နယ်မြေမှာ KNLA ထံ လက်နက်နဲ့အတူ ရဲဘော်နှစ်ဦး အလင်းဝင်ခဲ့တဲ့ တပ်ရင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့လည်း တနင်္သာရီမြို့နယ်အတွင်း ခရီးသွားရာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားတဲ့ သတိပြုဖို့အချက်တွေကို လိုနာဆောင်ရွက်ဖို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။