ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာမှာ ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) ကျော်သေဆုံးခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ခလရ (၂၃၀)၊ မခရ (၅၄၆)၊ ခလရ (၂၀၈) တပ်ရင်းနဲ့ KNU တပ်မဟာ (၆) KNDO တပ်ရင်း (၆)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စက်တင်ဘာ ၂၂ ရက်ကနေ ၂၆ ရက်အထိ တိုက်ပွဲ ခြောက်ကြိမ် ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုက်ပွဲ ငါးရက်တာအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်မှ (၃၂) ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ကာ တော်လှန်ရေးရဲဘော်နှစ်ဦးထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။
တောင်ကြာအင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ နေ့တိုင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။