သာယာဝတီအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မခင်စုစုလှိုင်(ခ)မားစုကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ AAPP ရဲ့ စက်တင်ဘာလ(၂၈)ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသူဟောင်းဖြစ်တဲ့ မခင်စုစုလှိုင် (ခ) မားစုဟာ ပြီးခဲ့တဲ့ မတ်လ (၃) ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ မခင်စုစုလှိုင်(ခ)မားစုကို စက်တင်ဘာလ (၂၅) ရက်နေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ AAPP က ပြောပါတယ်။
မခင်စုစုလှိုင်ဟာ ၂၀၂၁ ခုနှစ်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်ကနေ သာယာဝတီအကျဉ်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။
အခုခါမှာတော့ စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသူဟောင်းဖြစ်တဲ့ မခင်စုစုလှိုင်ကို လူမှုကွန်ရက်စာမျက်နှာမှာ ပို့စ်တစ်ခု ရေးသားတဲ့အတွက်ဆိုပြီး ညနေပိုင်းအချိန်မှာ လာရောက်ခေါ်ဆောင်သွားတာလို့ မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောဆိုထားပါတယ်။
စက်တင်ဘာလ (၁) ရက်နေ့ကနေ (၂၈) ရက်အထိ နိုင်ငံတဝန်း စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၈၂) ဦးရှိပြီး ရန်ကုန်တိုင်းမှာ (၂၆) ဦးနဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။