နေ့စဉ်နဲ့အမျှ နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီထံကနေ ခိုင်မာတဲ့ ငြိမ်းချမ်းရေး အာမခံချက်၊ တည်ကြည်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဆိုတာ မရနိုင်ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာလ (၁၄)ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူသို့ လစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလို ပြောဆိုထားပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ ပြည်သူတရပ်လုံး တောင်းဆိုနေတဲ့ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ ကိုယ်ပိုင်ပြဌာန်းချက်ကို အပြည့်အ၀ကာကွယ်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အနှစ်သာရကို လုံးဝရရှိနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
စစ်ကောင်စီဟာ အကြမ်းဖက်ဂိုဏ်းတခုသာဖြစ်တာကြောင့် NCA နှစ်ပတ်လည်လုပ်ဖို့ အခွင့်အာဏာမရှိသလို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း NCA အခမ်းအနားကို တက်ရောက်ဂုဏ်ပြုချီးမြှင့်ရမယ့် အချိန်မဟုတ်ဘူးလို့ ယာယီသမ္မတက ပြောဆိုထားပါတယ်။
နိုင်ငံတကာမိတ်ဆွေတွေကလည်း စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာမဲ့ လုပ်ရပ်တွေကို အသိအမှတ်မပြုဘဲ ဆက်လက်ဖယ်ကျဉ်းထားဖို့ တိုက်တွန်းထားပါတယ်။
NUG အနေနဲ့လည်း တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့အတူ လက်တွဲပြီး နောက်ဆုံးတိုက်ပွဲကို အောင်နိုင်တဲ့အထိ ကြိုးပမ်းသွားမယ်လို့ ထပ်မံကတိပြုပြောကြားခဲ့ပါတယ်။
(၂၀၂၂) ခုနှစ်နဲ့ (၂၀၂၃) ခုနှစ်အတွင်း ခုခံတိုက်ပွဲပေါင်း (၆၈၀၀) ကျော် ဆင်နွှဲထားနိုင်ခဲ့ပြီး ခုခံတိုက်ပွဲတွေထဲမှာ စခန်းသိမ်းတိုက်ပွဲပေါင်း (၁၀၀) ကျော် ပါ၀င်တယ်လို့ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။