၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။
ကိုးကန့်ရုပ်သေးအဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သားနဲ့ရဲတွေ လက်နက်ချပြီး အလင်းဝင်ဖို့ ကိုးကန့်တပ်(MNDAA)က ဒီကနေ့မှာ သတိပေးစာထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေအနေနဲ့ အလင်း၀င်လာပါက ကိုးကန့်တပ် (MNDAA) က ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး ပေကပ်ခေါင်းမာဆန့်ကျင်နေပါက ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ကိုးကန့်ရုပ်သေးအဖွဲ့ရဲ့ အဆင့်ဆင့်အုပ်ချုပ်ရေးနဲ့ ဌာန၀န်ထမ်းတွေအနေနဲ့ လုပ်ငန်းတာဝန်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း၊ ဓါတ်ပုံ၊ စာရင်းဇယား၊ ဘောက်ချာနဲ့ ငွေကြေးတွေကို ထိန်းသိမ်းဖို့နဲ့ ဖျက်ဆီးပါက ပြင်းထန်စွာအရေးယူသွားမယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ၀ရမ်းထုတ်ထားတဲ့ ရာဇ၀တ်မှုးကျူးလွန်သူတွေကို သူတို့ရဲ့ စာရင်းကိုင်၊ ကိုယ်ရံတော်နဲ့ မိသားစု၀သ်တွေက လာရောက်သတင်းပို့ရန်နဲ့ အကာအကွယ်ပေးတာ၊ ထွက်ပြေးဖို့ကူညီတာတွေပြုလုပ်ပါက ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
“ စစ်သုံ့ပန်းအား ဂရုတစိုက်စောင့်ရှောက်ပေးရေး” ဆိုတဲ့ မူဝါဒဟာ စစ်ကောင်စီတပ်ဖွဲ့တွေလည်း အကျုံးဝင်ကာ လက်နက်ချပြီး အလင်းဝင်လာပါက စစ်သုံ့ပန်းမူဝါဒကို အပြည့်အဝ ခံစားရမှာဖြစ်သလို ဒဏ်ရာရသူတွေကိုလည်း ကောင်းမွန်စွာ ကုသပေးသွားမယ်လို့ ဆိုထားပါတယ်။
ကိုးကန့်ဒေသထဲက စစ်ကောင်စီတပ်ဖွဲ့၀င်တွေ၊ ကိုးကန့်ရုပ်သေးအဖွဲ့တွေရဲ့ စစ်သား၊ ရဲနဲ့ ဝန်ထမ်းတွေအနေနဲ့ မိမိအသိစိတ်နဲ့ အပြစ်ဝန်ခံဖို့ လာရောက်သူတွေကို ကြိုဆိုကြောင်းနဲ့ အခုသတိပေးစာထုတ်ပြန်တဲ့နေ့ကစပြီး စစ်ရေးအုပ်ချုပ်မှုကာလပြီးဆုံးတဲ့အချိန်ထိ အာဏာတည်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။