၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ခေတ်မျက်လုံး။
အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့က မြန်မာစစ်တပ်ကို လက််နက်တင်သွင်းဖြန့်ဖြူးသူတွေနဲ့ ငွေကြေးထောက်ပံ့နေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်တဲ့အပေါ် NUG က ကြိုဆိုကြောင်း ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အောက်တိုဘာလ (၃၁) ရက်နေ့က မြန်မာစစ်တပ်လက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ငွေကြေးဝန်ဆောင်မှုဆိုင်ရာ တားမြစ်ချက်တွေ ထုတ်ပြန်ခဲ့တဲ့အပေါ်လည်း ကြိုဆိုကြောင်း ဆိုပါတယ်။
အဲ့ဒီဒဏ်ခတ်ပိတ်ဆို့တာတွေ အကောင်အထည်ပေါ်ပေါက်လာခြင်းက အမေရိကန်နဲ့ အခြားမိတ်ဖက်နိုင်ငံတွေ ကမ္ဘာတဝန်းက မြန်မာအရေး တက်ကြွလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေက ပူးပေါင်းကြိုးစား တိုက်တွန်းခဲ့တာကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုအရေးယူ ပိတ်ဆို့တာတွေက အကြမ်းဖက်စစ်တပ်ရဲ့ ပင်မရေသောက်မြစ် သွေးစွန်းငွေ စီးဝင်နေတာတွေကို အတိုင်းအတာတစ်ခုအထိ ဖြတ်တောက်ပေးနိုင်မှာဖြစ်ပြီး ၎င်းတို့ရဲ့ အကြမ်းဖက်ရက်စက်တာတွေကို တားဆီးရာမှာ များစွာအထောက်အကူပြုမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။
NUG အနေနဲ့ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လွတ်လပ်ရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအနာဂတ်ခရီးလမ်း ဖြောင့်ဖြူးစေရေးတို့အတွက် ကြိုးပမ်းနေတာတွေအပေါ် အားပေးထောက်ခံတာတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။
အဲ့ဒီမိတ်ဆွေနိုင်ငံတွေနည်းတူ နိုင်ငံတကာအသိုင်းအဝိုင်းက အခြားမိတ်ဆွေနိုင်ငံတွေကလည်း အကြမ်းဖက်စစ်တပ်ရဲ့ အဓိက ဘဏ္ဍာရေးအထောက်အပံ့ဖြစ်တဲ့ ဘဏ်လုပ်ငန်းနဲ့ လေယာဉ်ဆီရောင်းချတာတွေကို တားဆီးပိတ်ပင်ဖို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းထားချက်အရ သိရပါတယ်။