၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်၊ ခေတ်မျက်လုံး။
နိုဝင်ဘာလ (၆)ရက်နေ့ ည (၁၀)နာရီအချိန်က ကနီမြို့ရှိ ချင်းတွင်းမြစ်ဘေးမှာ သောင်တင်နေတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့သင်္ဘောနှစ်စီးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KLG-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးတစ်နေရာမှာ သောင်တင်နေတဲ့ စစ်ကောင်စီထောက်ပို့သင်္ဘော (၇)စီးထဲက ထောက်ပို့သင်္ဘောနှစ်စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြာချိန်ဟာ (၁)နာရီအထိ ရှိခဲ့ပြီး စစ်ကောင်စီရဲ့ ထောက်ပို့သင်္ဘောနှစ်စီးကို သိမ်းပိုက်ရရှိခဲ့ကာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို ယင်းမာပင်ခရိုင် တပ်ရင်း 21/22/23၊ KLG PDF နဲ့ ယင်းမာပင်ခရိုင်တပ်မဟာ၊ BLDF နဲ့ ဒေသခံပကဖတွေ ပူးပေါင်းပီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။