၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။
တော်လှန်ရေးအစီအမံတွေကို အကောင်အထည်ဖော်တဲ့အခါမှာ လွယ်ကူ၊ မြန်ဆန်၊ ထိရောက်အောင် လုပ်ဖို့လိုတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ မြန်ဆန်ဖို့၊ လွယ်ကူဖို့၊ ထိရောက်ဖို့ ဒီမူ (၃) ချက်နဲ့ အခြေခံထားပြီး မိမိတို့ရဲ့ တော်လှန်ရေးဦးဆောင်မှု အခန်းကဏ္ဍကို မြှင့်တင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်” လို့ ၎င်းက ဆိုပါတယ်။
စာအုပ်ကြီးဆန်ဆန် လုပ်တာမျိုး၊ သမာရိုးကျ လုပ်ထုံးလုပ်နည်းနဲ့ ဗြူရိုကရက်ဆန်ဆန် စည်းကျပ်တဲ့ စည်းဘောင်တွေနဲ့ တော်လှန်ရေးအလုပ်ကို ရှေ့မတိုးစေတာမျိုး မဖြစ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် စစ်ကောင်စီဟာ စစ်ရေးအရှုံးတွေ တလှိုင်းပြီးတလှိုင်း အဖုံးဖိခံရပြီးနောက်မှာ တရုတ်နဲ့ မြန်မာအကြား လူမျိုးရေးအမုန်း မီးပွားအောင် မှိုင်းတိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီရဲ့ မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေး ဇာတ်သွင်းတာကို နိုင်ငံရေးသတိရှိရှိနဲ့ တုန့်ပြန်ကြဖို့ NUG ယာယီသမ္မတက တိုက်တွန်းထားပါတယ်။
လက်ရှိခုခံတော်လှန်စစ်အောင်ပွဲတွေကို စစ်ရေးထိုးစစ်အောင်ပွဲတွေအဖြစ် အသွင်ပြောင်းပြီး တော်လှန်ရေးကိုယ်ခံအားကို မြှင့်တင်ကြဖို့နဲ့ သိုသိုသိပ်သိပ်၊ သတိရှိရှိ လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။