၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်၊ ခေတ်မျတ်လုံး။
မင်းလှမြို့အပိုင်၊ ပဲခူးရိုးမအစပ်က စမ်းဘုတ်ကျေးရွာထိပ်မှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ (၈)ရက် ည(၈)နာရီအချိန်က စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစီးနင်းတိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲတပ်သား (၃)ဦး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိခဲ့ပြီး မိုလ်ဘိုင်းဖုန်း (၂)လုံး၊ ဓါတ်မီး(၂)လက်၊ ငွေသား(၂၀၀၀၀)ကျပ်၊ သက်သေခံကတ်ပြား (၇)ခုနဲ့ ကျည်(၁၇)တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က စစ်ကူတွေရောက်ရှိလာတာကြောင့် လုံခြုံရေးအခြေအနေအရ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။