ဒီဇင်ဘာလ (၁၅)ရက်။
မုံရွာအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ညှင်းပန်းနှိပ်စက်နေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မုံရွာအကျဉ်းထောင်ကို အသစ်ရောက်လာတဲ့ တာဝန်ခံအရာရှိ ဇော်မြင့်ဦးနဲ့ ဦးစီးအရာရှိ တင်အောင်ဆန်းဝင်းတို့က နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်နေတယ်လို့ ဆိုပါတယ်။
တာဝန်ခံအရာရှိ ဇော်မြင့်ဦး တာဝန်ယူတဲ့အချိန်ကစပြီး ထောင်ဝင်စာလက်ခံဌာန တပ်ရဲဂိတ်မှာလည်း ထောင်ဝန်ထမ်းတွေက ထောင်ဝင်စာပါဆယ်လာပို့တဲ့ မိသားစုဝင်တွေကို အကြောင်းမဲ့ ငေါက်ငမ်းအော်ဟစ်တာ၊ ပြဿနာရှာတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်တာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ကျူးလွန်တာတွေဟာ အကျဉ်းထောင်လက်စွဲပါ ဥပဒေ၊ နည်းပဒေတွေကို ကျူးလွန်ဖောက်ဖျက်တာဖြစ်တယ်လို့ သပိတ်ကော်မတီက ပြောဆိုထားပါတယ်။
ဒီလိုကျူးလွန်တာတွေကို ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေအားလုံးကို ပြန်လည်တောင်းပန်ဖို့ ထောင်တာဝန်ခံအရာရှိ ဇော်မြင့်ဦးနဲ့ ဦးစီးအရာရှိ တင်အောင်ဆန်းဝင်းတို့ကို အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း အကျဉ်းထောင်ထဲ မတရားဖိနှိပ်တာတွေကို အမြဲမပြတ် နားစွင့်ပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။
မုံရွာအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့သူတွေနဲ့ ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားပြီး နွေဦးတော်လှန်ရေး ပြီးမြောက်အောင်မြင်ချိန်မှာ တရားဥပဒေနဲ့အညီ တရားစွဲဆိုအရေးယူသွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။