ဧပြီလ (၂၀)ရက်။
ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့ အမျိုးသမီး (၂)ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပူးပေါင်းလာခဲ့တာလို့ စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားကာ သက်ဆိုင်ရာအဖွဲ့တွေဘက်ကတော့ တရားဝင် ထုတ်ပြန်လာတာ မရှိသေးပါဘူး။
အခုလို စစ်တပ်ဆီ ပူးပေါင်းသွားသူတွေဟာ အရင်ကထဲက စစ်တပ်နဲ့ အဆက်အသွယ်ရှိသူတွေဖြစ်ကာ အရေးယူဖို့ စောင့်ကြည့်နေချိန် စစ်တပ်ထံ လက်နက်ချသွားတာလို့ ဒေသထဲသတင်းတွေက ဖော်ပြထားပါတယ်။
“ သူတို့ လက်နက်ချသွားတယ်ဆိုတာ အတည်ပြုလို့ရပါတယ်။ သူတို့က အရင်ထဲက စစ်တပ်နဲ့ ပူးပေါင်းနေတာ။ ပြီးတော့ မင်းကွန်းတိုက်နယ်ထဲ ပြစ်မှုတွေမှာလဲ ပါဝင်နေတဲ့သူတွေ။ အခု အရေးယူဖို့လုပ်နေတဲ့အချိန်မှာပဲ စစ်တပ်ဆီ လက်နက်ချ ပူးပေါင်းသွားတာ” လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့က နံနက်ပိုင်းအချိန်ကလဲ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်နက် (၁၀ဝ)ခန့်၊ ခဲယမ်း (၁၀၀၀)ကျော်နဲ့ (၅၀၆)ဦး ပူးပေါင်းလာတယ်ဆိုပြီး ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။








