+++++++++++++++++++++
ဂါဇာပဋိပက္ခ သုံးလနီးပါးကြာမြင့်လာခဲ့ပြီးနောက်မှာ ပါလက်စတိုင်းပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ အစ္စရေးကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ နိုင်ငံတကာတရားရုံး ICJ မှာ တောင်အာဖရိကနိုင်ငံက တရားလိုလုပ် တရားစွဲဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က တရားစွဲဆိုမှုမှာ အစ္စရေးရဲ့ လုပ်ရပ်တွေဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်ပြီး လူမျိုးတုန်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတယ်လို့ တောင်အာဖရိကနိုင်ငံရဲ့ ကိုယ်စားလှယ်တွေက ဖော်ပြပြီး ဦးတိုက်လျှောက်ထားခဲ့တာပါ။
ကမ္ဘာ့တရားရုံးလို့ ခေါ်တွင်တဲ့ ICJ ဟာ နိုင်ငံများကြား အငြင်းပွါးမှုကို စီရင်ဆုံးဖြတ်ပေးတဲ့ ကုလသမဂ္ဂအရပ်ဖက်တရားရုံးဖြစ်ပြီး စစ်ရာဇဝတ်မှုတွေအတွက် လူတစ်ဦးချင်းစီကို တရားစွဲဆိုတဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC နဲ့ မတူကွဲပြားခြားနားပါတယ်။
တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ဂါဇာမှာ အစ္စရေးတို့ထင်တိုင်ကြဲနေတဲ့ လုပ်ရပ်ဟာ 1994 ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ အဆုံးသတ်ခဲ့တဲ့ အသားအရောင်ခွဲခြားဆက်ဆံမှုနဲ့ နှိုင်းယှဉ်ဖော်ပြခဲ့ပါတယ်။ အလားတူ လူ့အခွင့်အရေးအဖွဲအစည်းတွေကလည်း အစ္စရေးရဲ့ မူဝါဒတွေဟာ အသားအရောင်ခွဲခြားမှုအပေါ် အတိုင်းအတာတစ်ခုထိ သက်ရောက်စေတယ်လို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
အစ္စရေးဟာ အောက်တိုဘာလ 7 ရက်နေ့က ဟားမက်စ်တွေရဲ့ တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကို တိုက်ခိုက်နေခဲ့တာဖြစ်ပြီး အဲဒီလို တိုက်ခိုက်မှုကြောင့် ဂါဇာထဲက အရပ်သား 2 သောင်းကျော်အသက်သေဆုံးခဲ့ရပြီး သန်းနဲ့ချီတဲ့ ပါလက်စတိုင်းပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်ကာ အတိဒုက္ခရောက်ခဲ့ကြရပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက အစ္စရေးရဲ့ လုပ်ရပ်အပေါ် ဝေဖန်ရှုတ်ချပြီး အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ကြပေမယ့် အစ္စရေးကတော့ သူတို့ လိုချင်တဲ့ ဟားမက်စ်ခေါင်းဆောင်တွေကို မရမချင်း အပစ်အခတ်ရပ်စဲမှာ မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
အလားတူ အစ္စရေးဟာ နိုင်ငံတကာခုံရုံး ICJ မှာ တောင်အာဖရိကရဲ့ တရားစွဲဆိုမှုကို ငြင်းဆိုခဲ့ပြီး အခြေအမြစ်မရှိတဲ့စွပ်စွဲချက်လို့ ဆိုကာ ဒါဟာ အသရေဖျက်မှု သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ တိုင်ကြားမှုဟာ ဖြစ်ရပ်မှန် ကွဲပြားခြားနားနေပြီး တရားရုံးကို စက်စုပ်ရွံ့ရှာဖို့ကောင်းပြီး မထီမဲ့မြင်ပြုတဲ့ပုံစံနဲ့ အမှုဖွင့်တိုင်ကြားထားတာဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး လီယာဟိုင်ယက်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နာကနေ ရေးသားတုံ့ပြန်သွားခဲ့ပါတယ်။