ဇန်နဝါရီလ (၁၅) ရက်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရပ်/ကျေးတွေမှာ ပြည်သူ့စစ်အမည်တပ်ပြီး လူအင်အားစုဆောင်းနေတယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မင်းလှမြို့ထဲက ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရပ်ရွာတွေကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူ့စစ်(ပသစ)အမည်တပ်ပြီး လူအင်အားစုဆောင်းနေတယ်လို့ သိရပါတယ်” လို့ မြို့နယ်ပကဖက ဆိုထားပါတယ်။
အခုလို ရပ်ရွာတွေ ကာကွယ်ဖို့အကြောင်းပြပြီး လူအင်အားစုဆောင်းတာက ပြည်သူအတွက်မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားအနေနဲ့ စစ်မှုထမ်းခိုင်းဖို့ လှည့်စားစုဆောင်းတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လှည့်စားစုဆောင်းတာကို ပြည်သူတွေ လက်မခံကြဖို့နဲ့ စစ်ကောင်စီအတွက် ပြည်သူတွေကို ဖိအားပေးပြီး စုဆောင်းတာတွေ လုပ်ဆောင်ပေးနေသူတွေ မိမိအသက်ကို တန်ဖိုးထားပါက လုံးဝ(လုံးဝ)မပြုလုပ်ဖို့ သတိပေးထားပါတယ်။
မလိုက်နာသူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့လည်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။