ဇန်နဝါရီလ (၁၆) ရက်။
မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတည်ဆောက်ရာမှာ အကဲဆတ်တဲ့ နိုင်ငံရေးမိုင်းဗုံးတွေနဲ့ အမျိုးသားညီညွတ်ရေးမူကို ထိပါးစေတဲ့ နိုင်ငံရေးထောင်ချောက်တွေကို သတိထားရှောင်ရှားဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အခု ၂၀၂၄ ခုနှစ်မှာလည်း တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပိုမိုခိုင်မြဲတဲ့ နိုင်ငံရေးဘုံသဘောတူညီချက်တွေ ဆက်လက်ရရှိနိုင်ဖို့ NUG အနေနဲ့ အစဉ်တစိုက် ကြိုးစားနေရမှာဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
NUG အနေနဲ့ တက်ကြွပြီး လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသလို၊ လက်တွေ့ကျတဲ့ နိုင်ငံခြားရေးသဘောထားကိုလည်း ချမှတ်ထားတယ်လို့ သိရပါတယ်။
“ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုတာ နိုင်ငံခြားရေးမူဝါဒသဘောထားတွေဟာ ပြည်တွင်းရေး အခြေအနေတွေအပေါ် လွှမ်းမိုးမှုရှိတာ တွေ့ရပါတယ်” လို့ အထက်ပါပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
တော်လှန်ရေးဒီရေဟာ ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အလှည့်အပြောင်းတွေကြားမှာ အနိမ့်အမြင့် အတက်အကျ ရှိတတ်ပြီး ဦးတည်ချက်ကို မျက်ခြေပြတ်လို့မရဘူးလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဒါ့ပြင် မူလပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းဖို့ကို လျစ်လျှူရှုပြီး လုပ်ဆောင်မှာမဟုတ်ဘူးဆိုတာကိုလည်း ရဲရဲဝံ့ဝံ့ ယုံကြည်ကြောင်း ယာယီသမ္မတက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။