ဇန်နဝါရီလ (၁၆) ရက်။
ရခိုင်ဒေသထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တာတွေကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇန်နဝါရီလ (၁၅)ရက်နေ့ ညနေ(၅)နာရီကျော်ခန့်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ မြောက်ဦးမြို့၊ မြောင်းဘေရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်သည်တစ်ဦးအပါအဝင် (၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့ နေ့လယ်(၁)နာရီကျော်အချိန်ကလည်း မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ “ ခမရ(၅၄၀)တပ်ရင်း” က ကိုင်းတောကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ သက်ကြီးပိုင်းအမျိုးသားတစ်ဦးနဲ့ (၁၇)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ည(၈)နာရီခွဲဝန်းကျင်ခန့်က ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၉)တပ်ရင်းမှာ စခန်းချတပ်စွဲထားတဲ့ “ စံဂိုးတောင်တပ်စခန်း” နဲ့ “ နွားရုံတောင်တပ်စခန်း” တို့က ဆင်သီပြင်ရွာကို လက်နက်ကြီးနဲ့ (၉)ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလိုပစ်ခတ်တာတွေကြောင့် ဆင်သီရွာထဲ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကာ (၇)နှစ်အရွယ် မွတ်ဆလင်မိန်းကလေးတစ်ဦးနဲ့ (၆၀)နှစ်အရွယ် မွတ်ဆလင်အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို အသက်မပြည့်သေးတဲ့ မွတ်ဆလင်ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ညီနောင်(၃)ဖွဲ့က ပြောဆိုထားပါတယ်။
အလားတူ ပေါက်တောမြို့နယ်၊ သဲခုံရွာက ဒေသခံအမျိုးသား (၄)ဦးဟာ စစ်တွေမြို့ အင်းပေါက်ဝဆိပ်ကမ်းမှာ စစ်ကောင်စီရဲ့ စစ်တွေအမှတ်(၁)ရဲစခန်းက တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး ခမရ(၂၀)တပ်ရင်းထဲ ခေါ်ယူထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။