ဇွန်လ (၃၀)ရက်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုတွေနဲ့ ဥပဒေအရ အရေးယူခံထားရတယ်။ ပြစ်ဒဏ်ကျခံနေရသူဖြစ်တယ်။ အဲ့ဒီအတွက် နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ တွေ့လို့မရပါဘူး”လို့ ပြောခွင့်ရ ခိုင်ခိုင်စိုးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်ဒဏ်ကျခံနေရသူဖြစ်တာကြောင့် နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်မရဘဲ ပြစ်ဒဏ်ကျခံပြီးတဲ့အချိန်မှသာ တွေ့ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသလို ဆေးစစ်တာတွေ ပုံမှန်ပြုလုပ်ပေးနေတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
တဖက်မှာလဲ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိတယ်ဆိုတာကို ခိုင်လုံတဲ့ သက်သေပြနိုင်ဖို့ စစ်အုပ်စုကို တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို သားဖြစ်သူ ကိုထိန်လင်း ဦးဆောင်ကာ ပြုလုပ်နေတာပါ။
ဒါ့အပြင် အခုရက်ပိုင်းမှာပဲ သားဖြစ်သူက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးဆိုးရွားနေတယ်ဆိုတဲ့ သတင်းတွေ ရရှိထားတယ်လို့ သတင်းဌာနအချို့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။








