ဇန်နဝါရီလ (၁၈)ရက်။
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နေရာကို ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို လွှဲပြောင်းပေးဖို့ မဘသဘုန်းကြီးတွေက ဇန်နဝါရီလ (၁၆)ရက်နေ့ ပြင်ဦးလွင်မှာပြုလုပ်တဲ့ စစ်တပ်ထောက်ခံပွဲမှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
“ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရပ်ဘက်နဲ့ဆို အရမ်းလိုက်ဖက်၊ အရမ်းကြည့်ကောင်းမှာပဲ။ အဲ့ဒါကြောင့် အရပ်ဘက်ဝန်ကြီးဌာနရာထူး တစ်နေရာထဲပေးလိုက်ရင် မကောင်းဘူးလား” ဆိုပြီး ပေါက်ကိုယ်တော်က စင်မြင့်ထက်ကနေ ဟောပြောခဲ့တာပါ။
ဒါ့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ပေးလိုက်တာ မကောင်းဘူးလားလို့လည်း အထက်ပါကိုယ်တော်က ဟောပြောခဲ့ကာ စင်အောက်ရှိ စစ်တပ်ထောက်ခံသူတွေက “ ကောင်းပါတယ်ဘုရား” လို့ ပြန်လည်ပြောဆိုခဲ့ကြပါတယ်။
အခုလို ဟောပြောခဲ့တာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာဖြစ်လာပါက ကိုယ်တိုင်ခံသွားမှာဖြစ်တယ်လို့ အရိယဝံသ(ခ)ပေါက်ကိုယ်တော်က ဟောပြောချိန်မှာ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ဟာ ဦးသိန်းစိန်လက်ထက်က စတင်ပြီး စစ်တပ်က ပံ့ပိုးထားတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒီအဖွဲ့အစည်းဖြစ်တယ်လို့ သတင်းတွေရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။