ဇန်နဝါရီလ (၁၈) ရက်။
ပဲခူးတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပြည်သူတွေကို ခြိမ်းခြောက်ကာ အတင်းအဓမ္မ စုဆောင်းနေတယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုအချိန်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းတာတွေကြောင့် စစ်ကောင်စီတပ်ဟာ စစ်မျက်နှာအနှံ့မှာ အရှုံးနဲ့ရင်ဆိုင်နေရပြီး အများအပြား သေကြေထိခိုက်နေတယ်လို့ ဆိုပါတယ်။
ဒီလိုအင်အားချိနဲ့နေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်အနေနဲ့ ပြည်သူတွေကို လိမ်လည်လှည့်စားစည်းရုံးပြီး စစ်မှုထမ်းခိုင်းစေကာ ရှေ့တန်းစစ်မျက်နှာတွေကို အတင်းအဓမ္မပို့ဆောင်ပြီး ပြည်သူအချင်းချင်း ရန်တိုက်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ထိခိုက်နစ်နာမှုမရှိစေဖို့နဲ့ သတိပြုလိုက်နာဖို့ ပြည်သူ့စစ်အနေနဲ့ အတင်းအဓမ္မ စုဆောင်းတာကို နည်းလမ်းမျိုးစုံအသုံးပြုပြီး တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ အသိပေးထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ လက်ပါးစေတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ နီးကပ်စွာ နေထိုင်တာတွေကို အထူးသတိပြု ရှောင်ရှားကြဖို့ကိုလည်း တောင်ပိုင်းစစ်ဒေသက မေတ္တာရပ်ခံထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ အလိုကျ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်ဖိအားပေး ဆောင်ရွက်နေသူအားလုံးကို ပြင်းထန်စွာ အရေးယူသွားမှာဖြစ်တဲ့အတွက် လုပ်ရပ်တွေကို ရပ်တန်းက ရပ်တန့်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။