ဇန်နဝါရီလ (၁၉) ရက်။
ကိုးကန့်ဒေသ၊ ရှင်ကိုင်ရွာ၊ တာတုန့်ကျိုက်ရပ်ကွက်မှာ စစ်ကောင်စီရဲ့မိုင်းကြောင့် အရပ်သား(၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA ရဲ့ မနေ့ကထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇန်နဝါရီလ (၁၅)ရက်နေ့က တာတုန့်ကျိုက်ရပ်ကွက်နေ အမျိုးသားတစ်ဦးဟာ သူ့ရဲ့နေအိမ်ခြံဝင်းထဲမှာ မိုင်းနင်းမိပြီး ခြေနှစ်ဖက်စလုံး ထိမှန်ကာ ဘယ်ခြေထောက် ကျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ (၁၇)ရက်နေ့ နံနက်ပိုင်းက အဲ့ဒီအမျိုးသမီးနေအိမ်နဲ့ မီတာ(၁၀၀)အနီးရှိ နေအိမ်က အမျိုးသားတစ်ဦးဟာလည်း အိမ်တွင်းသန့်ရှင်းရေးလုပ်နေစဉ် မိုင်းနင်းမိတာကြောင့် ဘယ်ခြေကျိုးသွားကာ ညာခြေထောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ညနေပိုင်း အထက်ပါရပ်ကွက်ထဲက နောက်ထပ်အမျိုးသားတစ်ဦးဟာ နေအိမ်ကို ဆိုင်ကယ်နဲ့ပြန်လာချိန် မိုင်းထိမိပြီး ဘယ်ဘက်ခြေထောက် အနည်းငယ်ပွန်းပဲ့သွားခဲ့တယ်လို့ ရေးသားထားပါတယ်။
ရှင်ကိုင်ရွာအနီးက စစ်ကောင်စီတပ်စခန်းဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာထဲဝင်ရောက်အခြေချခဲ့ပြီး မိုင်းများစွာ ထောင်ခဲ့တယ်လို့ အရပ်သားတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး MNDAA က ပြောဆိုထားပါတယ်။
မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ အရပ်သား (၂)ဦးကို MNDAA က နောက်တန်းဆေးရုံမှာ ဆေးကုသပေးနေကာ အနည်းငယ်ပြန်ကောင်းမွန်လာပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအခါ ကိုးကန့် အထူးဒေသ(၁)နယ်မြေထဲ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်နယ်မြေထဲ စစ်ကောင်စီရဲ့ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့စစ်ပစ္စည်းတွေ ရှင်းလင်းဖို့ ကျန်ရှိနေသေးတာကြောင့် ပြည်သူတွေ အသွားအလာဂရုစိုက်ကြဖို့ သတိပေးထားတယ်လို့ သိရပါတယ်။