ဖေဖော်ဝါရီလ (၂)ရက်။
ရခိုင်ဒေသရှိ စစ်တွေမြို့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ညမထွက်ရအမိန့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့က လမ်းမကြီးတွေ၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ည(၉)နာရီကနေ နံနက်(၄)နာရီအချိန်အထိ သွားလာတာမပြုဖို့ ဆိုထားပါတယ်။
ရခိုင်မှာ ရဲစခန်း/ကင်းစခန်းတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့ကြကာ ပျက်စီးဆုံးရှုံးတာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်တာတွေရှိတဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်တာတွေ မရှိရအောင်ဆိုပြီး ညအချိန် သွားလာတာတွေ မပြုလုပ်ဖို့ အခုလို ထုတ်ပြန်တာလို့ ရေးသားထားပါတယ်။
၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ကစပြီး ရခိုင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ အခုအချိန်အထိ ပြင်းထန်နေပါတယ်။
ရက္ခိုင့်တပ်တော်(AA)ရဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေ သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင်တာတွေကြောင့် မြေပြင်မှာ စစ်ကောင်စီဟာ အထိနာနေသလို စခန်းလက်လွှတ်ဆုံးရှုံးရတာတွေ ဆက်တိုက်ရှိနေတာပါ။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ဒေသမှာ စစ်တွေမြို့အထိ ကူးစက်လာနိုင်တာကြောင့် ဒေသခံအချို့ဟာ မြို့ကို စွန့်ခွာသူတွေလည်းရှိသလို မြို့ထဲလုံခြုံရေးကို ပိုမိုတင်းကြပ်ထားတယ်လို့ သိရပါတယ်။