ဖေဖော်ဝါရီလ (၂)ရက်။
မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၄၀)တပ်ရင်းတစ်ရင်းလုံးကို သိမ်းပိုက်ခဲ့ပြီးနောက် သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေကို AA က ဒီကနေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၄၀)တပ်ရင်းတစ်ရင်းလုံးကို ဇန်နဝါရီလ (၃၀)ရက်နေ့ ည(၁၁)နာရီ (၄၅)မိနစ်အချိန်က ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတပ်ရင်းတစ်ရင်းလုံးကို သိမ်းပိုက်ခဲ့ပြီးနောက်မှာ ရက္ခိုင့်တပ်တော်(AA)က သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်း မီးကျောက်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေရဲ့ သတင်းဓါတ်ပုံအချို့ကို ထုတ်ပြန်ခဲ့တာပါ။
မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၄၀)အပါအဝင် ခမရ(၃၇၇)နဲ့ ခမရ(၃၇၈)တို့ဟာ မြောက်ဦးမြို့ကို ရည်ရွယ်ချက်ရှိရှိ မီးလောင်ပြာကျအောင် ကြိုးစားနေတာကြောင့် AA က တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ ခမရ(၅၄၀)တပ်ရင်းကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ကာ ကျန်ရှိသေးတဲ့ တပ်ရင်းနှစ်ရင်းအပြင် တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စခန်းတိုင်းကိုလည်း အပြီးသတ်သိမ်းယူနိုင်ဖို့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။