ဖေဖော်ဝါရီလ (၇)ရက်။
ဖေဖော်ဝါရီလ (၆)ရက်နေ့က ဆီဆိုင်မြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ အလောင်း (၆)လောင်းနဲ့ ပြည်သူ့စစ် (၂)ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့မြောက်ဘက်တစ်နေရာမှာ စစ်ကောင်စီနဲ့ PNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီရဲ့ အလောင်း(၆)လောင်းနဲ့ လက်နက်(၅)လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့တစ်ရက်ထဲ ဒေသတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ PNLA တပ်ဖွဲ့ကို စစ်ကောင်စီနဲ့ အပေါင်းအပါတွေက ဆီဆိုင်မြို့တစ်နေရာမှာ ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် ပြန်လည်ခုခံရှင်းလင်းခဲ့တယ်လို့လဲ ဖော်ပြထားပါတယ်။
အဲ့ဒီလိုရှင်းလင်းခဲ့ရာမှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေက လွယ်ပွတ်ကျေးရွာထဲ ဝင်ပြေးကာ ဒေသခံတွေရဲ့ မော်တော်ယာဉ်တွေကို အဓမ္မယူဆောင်ပြီး ထွက်ပြေးသွားတာကြောင့် PNLA က ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ပြည်သူ့စစ် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီနဲ့ အပေါင်းအပါတွေက စစ်ရေးပစ်မှတ်မဟုတ်တဲ့ လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးအပြင် လေယာဉ်နဲ့ ပစ်ခတ်ဗုံးကြဲတာတွေကြောင့် ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ထိခိုက်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်ဟာ ခမရ(၄၂၃)အနီးမှာ ရေခပ်ဆင်းချိန် သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး (၂)ဦးသေဆုံးကာ (၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လဲ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ PNLA စစ်ကြောင်းကို တွေ့မြင်ပါက အွန်လိုင်းပေါ်တင်တာတွေ မပြုလုပ်ဖို့ မေတ္တာရပ်ခံတိုက်တွန်းထားပြီး အွန်လိုင်းပေါ်တင်ပါက စစ်ကောင်စီနဲ့အပေါင်းအပါတွေက လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ပစ်ခတ်တဲ့အတွက် မလိုလားအပ်တဲ့ ထိခိုက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ပြောဆိုထားကြောင်း သိရပါတယ်။