ဖေဖော်ဝါရီလ (၅) ရက်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့က အသံတိတ်သပိတ်မှာ ပါဝင်ခဲ့တဲ့ အင်းစိန် GTI ကျောင်းသားတွေကို စစ်ကောင်စီက ကျောင်းရှေ့ထုတ်ပြီး အကြမ်းဖက်ရိုက်နှက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလားတူပဲ အင်းစိန် GTI မှာ ပညာသင်ကြားနေတဲ့ လူမျိုးစုကျောင်းသားတွေကိုလည်း စစ်ကောင်စီက လူမျိုးရေးခွဲခြားဆက်ဆံပြီး ရိုက်နှက်ဆဲဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို အကြမ်းဖက်ရိုက်နှက်တာဟာ အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီအနေနဲ့ ဒီလုပ်ရပ်ပေါ်မှာ တာဝန်ယူရမယ်လို့ ဆိုထားပါတယ်။
လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကျောင်းသားတွေကို စစ်ကောင်စီကို သတင်းပေးတိုင်ကြားခဲ့တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ ကျောင်းသားတွေကို အကြမ်းဖက်ရိုက်နှက်နှိပ်စက်နေတဲ့အချိန် ဝင်ရောက်တားဆီးခြင်း မပြုခဲ့တဲ့ ဆရာဆရာမတွေကိုလည်း ရှုပ်ချတယ်လို့ ဖော်ပြထားပါတယ်။
ဟိုင်းလက်ကား ၄ စီးနဲ့ စကစ အင်အား ၂၀ လောက် ရောက်လာပြီး ဖမ်းဆီးရိုက်နှက် မေးမြန်းပြီး စစ်ဖိနပ်တွေနဲ့ ကန်တယ်၊ သေနတ်ဒင်တွေနဲ့ ရိုက်နှက်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အရိုက်ခံရတဲ့ ကျောင်းသားတွေထဲမှာ ဒဏ်ရာရတဲ့ ကျောင်းသားတွေ ရှိတယ်လို့လည်း သိရပါတယ်။