ဖေဖော်ဝါရီလ (၂၆)ရက်။
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာမှုထန်းရဲ့ နေအိမ်ကို ပြည်သူပိုင်အနေနဲ့ ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ CDF-Hakha ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒေါက်တာမှုထန်းဟာ ကြံ့ခိုင်ရေးပါတီ(ချင်းပြည်နယ်)ရဲ့ ဥက္ကဌအဖြစ်တာဝန်ယူခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့ဝင်အနေနဲ့ လက်တွဲဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ စစ်ကောင်စီနဲ့ လက်တွဲရုံသာမကဘဲ ချင်းပြည်သူတွေကို စစ်ကောင်စီပြုလုပ်ဖို့ကြိုးစားနေတဲ့ ရွေးကောက်ပွဲအတွက် စည်းရုံးသိမ်းသွင်းတာတွေ လုပ်ဆောင်တာကြောင့် နေအိမ်ကို သိမ်းဆည်းတာလို့ ဖော်ပြထားပါတယ်။
အခုလို ချိတ်ပိတ်သိမ်းဆည်းခဲ့တဲ့ ဒေါက်တာမှုထန်းရဲ့ နေအိမ်ကို တော်လှန်ရေးကာလထဲ လိုအပ်သလို အသုံးပြုသွားမယ်လို့ CDF-Hakha က ပြောဆိုထားပါတယ်။
ဒေါက်တာမှုထန်းဟာ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ကာ စစ်ကောင်စီက ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလမှာ အဖွဲ့ဝင်အနေနဲ့ ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။