ဖေဖော်ဝါရီလ (၂၇)ရက်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အချုပ်ခန်းတွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မုံရွာမြို့ရှိ အမှတ်(၁)ရဲစခန်းက အချုပ်ခန်းတွေမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၂၀၀)နဲ့ အခြားရာဇ၀တ်မှုတွေနဲ့ စွဲဆိုခံထားရတဲ့ အကျဉ်းသား (၁၅၀)ခန့်ရှိတယ်လို့ ဆိုပါတယ်။
အဲ့ဒီအချုပ်ခန်း (၃)ခန်းမှာ ချုပ်နှောင်ခံထားရတဲ့သူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးသူငယ် (၂၀)ဦးပါ၀င်ကာ အကျဉ်းချခံထားရသူတွေဟာ အကျဉ်းထောင်ထက် ပိုပြီးဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ဖော်ပြထားပါတယ်။
အမှတ်(၁)ရဲစခန်းထဲ အကျဉ်းချခံထားရတဲ့သူတွေဟာ လူ့အခွင့်အရေးရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ အသက်ရှင်သန်ပိုင်ခွင့်နဲ့ ညှင်းပန်းနှိပ်စက်တာတွေကနေ ကင်းလွတ်ခွင့်တောင် အာမခံချက်မရှိဘဲ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီရဲစခန်းရဲ့ အချုပ်ဆောင်မှာ အကျဉ်းသားတစ်ဦးရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ အစားအသောက်လုံလောက်စွာရရှိခွင့်၊ ဧည့်တွေ့ခွင့်နဲ့ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုရရှိခွင့်တွေ ဆုံးရှုံးနေတယ်လို့ PPNM က ပြောဆိုထားပါတယ်။
ဒါ့ပြင် အကြမ်းဖက်လက်အောက်ခံ ရဲ၀န်ထမ်းတွေကလဲ အမျိုးသမီးအချုပ်ခန်းတွေကို အမြဲလာရောက်ဆဲဆိုနေပြီး ဒီကနေ့အထိ အကျဉ်းသား(၂၀၀)ခန့်ကို စခန်းထဲမှာ တစ်နှစ်ကြာတဲ့အထိ အမှုမဖွင့် တရားရုံးမပို့ဘဲ ဥပဒေမဲ့ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။