ဖေဖော်ဝါရီလ (၂၇)။
ကောလင်းမြို့က စစ်ကောင်စီတပ်စွဲထားတဲ့ သစ်ဖုလှဘုရားကုန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ချေမှုန်းနေတယ်လို့ Kawlin Revolution-KR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီဘုရားကုန်းဟာ ကောလင်းမြို့၊ ခံသာတိုက်နယ်ရှိ သမန်သာကျေးရွာအနီးမှာရှိပြီး စစ်ကောင်စီက (၂)နှစ်ကျော်ကြာ တပ်စွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့ ဘုရားကုန်းကို ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းနဲ့ ကောလင်းမြို့နယ် ပကဖတို့ပူးပေါင်းကာ ဖေဖော်ဝါရီလ (၂၃)ရက်နေ့ နံနက် (၅) နာရီကစပြီး တိုက်ခိုက်နေတာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲဟာ (၅)ရက်အထိရှိနေပြီး စစ်ကောင်စီဘက်က သစ်ဖုလှ၀န်းကျင်ကို လေကြောင်းနဲ့ (၇)ကြိမ်၊ ၀န်းသို ခမရ(၁၁၀)နဲ့ (၁၁၁)ကထွက်လာတဲ့ စစ်ကြောင်းက ၀န်းသိုအရှေ့ဘက် ကျောက်တိုင်ရွာမှာ အထိုင်ချကာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ၀န်းသို ခမရ (၁၁၀)နဲ့ (၁၁၁)ကနေလဲ ဟောင်၀စ်ဇာနဲ့ (၁၀)ကြိမ်အထိ ပစ်ခတ်ခဲ့တာကြောင့် ကျောက်တန်းကျေးရွာက ပြည်သူတွေရဲ့ နေအိမ် (၄)လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အခုအခါ ကောလင်းမြို့ရှိ သစ်ဖုလှတိုက်ပွဲကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းဟာ ခေတ္တပိတ်ဆို့နေတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။