မတ်လ (၈) ရက်။
ဒီကနေ့ မတ်လ ၈ ရက် မနက်ပိုင်းမှာဗန်းမော်-မြစ်ကြီးနား လမ်းပေါ်ရှိ ဒေါ့ဖုန်းယန်မြိုအနီးက ခန်းကိုင်တောင်အခြေစိုက် စစ်ကောင်စီ ခလရ ၁၄၂ တပ်စခန်းက တပ်သားတွေဟာ အလံဖြူထောင်ပြီး လက်နက်ချသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်သုံ့ပန်းဦးရေက ရာချီတယ်လို့ သိရပြီး ဒေါ့ဖုန်းယန်အနီးဝန်းကျင်မှာတော့ လက်ရှိ စစ်ကောင်စီတပ်တွေ မရှိတော့ဘူးလို့လည်း သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာတော့ မိသားစုတွေကို ငဲ့ပြီး လက်နက်ချလိုက်တာလို့ ပြောပါတယ်။ အဲ့ဒီ စစ်သုံ့ပန်းတွေထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေလည်း အများကြီးပါတယ်လို့ ဆိုပါတယ်။ လက်နက်ချသွားတဲ့တပ်ဖွဲတွေထဲ အရာရှိတွေလည်း ပါဝင်တယ်လို့ သိရပြီး တပ်မိသားစုဝင်၊ ရဲနဲ့ ဝန်ထမ်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။
လိုင်ဇာအနီးဝန်းကျင်နဲ့ မိုးမောက်၊ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်တပ်စခန်းတွေကို မတ်လ (၇) ရက်နေ့ကစပြီး KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲတွေ တစ်ပြိုင်တည်း ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ စခန်း အကြီးအသေး ၁၀ ခုကို သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းမှာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။