မတ်လ (၁၂)ရက်။
မတ်လ (၁၀)ရက်နေ့က ကလေးမြို့နယ်၊ စခန်းကြီးရွာ(ပျူစောထီးရွာ)ကနေ ကံသာယာရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်တာမှာ နေ့လယ်(၁)နာရီ (၄၃)မိနစ်အချိန်ကစပြီး ညနေ (၆)နာရီအချိန်အထိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား (၂)ဦးထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် တိုက်ပွဲထဲ စစ်ကောင်စီထံကနေ သေနတ်မျိုးစုံ (၂၉)လက်နဲ့ ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တာကိုလဲ ဓါတ်ပုံနဲ့တကွ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းကို စစ်ကိုင်းတိုင်းအထူးလှုပ်ရှားတပ်ရင်း(၅/၆/၂)၊ ကလေးခရိုင်လှုပ်ရှားတပ်ဖွဲ့၊ ခရိုင်တပ်ရင်း(၄/၂/၅/၆)၊ ခရိုင်ဒရုန်းတပ်ဖွဲ့၊ RKDF၊ HNB၊ S2UG၊ EFDF၊ TCDF၊ ဒေါင်းသွေးရာဇာ၊ GRF နဲ့ မြို့နယ်ပကဖတို့က တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ သိရပါတယ်။