မတ်လ (၂၈)ရက်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို KNLA တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ KNU တပ်မဟာ(၅)ရဲ့ အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။
မတ်လ (၁၉)ရက်နေ့ကစပြီး ဖာပွန်မြို့ပေါ်က စစ်ကောင်စီတပ်တွေကို ဝိုင်းရံပိတ်ဆို့ခဲ့ရာက ဒီကနေ့မှာ စစ်ကောင်စီတပ်တွေ မြို့ကို စွန့်ခွာသွားခဲ့တာလို့ KNU ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ဆိုပါတယ်။
ဖာပွန်မြို့ထဲက စစ်ကောင်စီတပ်တွေဟာ မြို့နဲ့ (၃)မိုင်ခန့်သာကွာဝေးတဲ့ ဗျူဟာကုန်းကို ဆုတ်ခွာသွားခဲ့ကြတာလို့ သိရပါတယ်။
အခုအခါ ဖာပွန်မြို့ထဲက ရပ်ကွက်တွေနဲ့ အနောက်ဘက်ကမ်းတွေမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ဝင်ရောက်နေရာယူထားပြီးဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းတွေက ဖော်ပြထားပါတယ်။
KNLA ပူးပေါင်းတပ်တွေအနေနဲ့ ဖာပွန်မြို့ကို ပိတ်ဆို့ထားပေမယ့် ထိုးစစ်ဆင်တာမျိုး မပြုလုပ်ဘဲ ပြောက်ကျားတိုက်ခိုက်မှုအချို့ကိုသာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်ကလဲ ဖာပွန်မြို့နဲ့ အနီးက ကျေးရွာတွေကို ဒရုန်းအပါအဝင် လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။