ဧပြီလ (၂)ရက်။
မနေ့က နံနက်ပိုင်းအချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲ့ဒီလိုတွေ့ဆုံချိန်မှာ နယ်စပ်ဒေသနဲ့ ပြည်တွင်းငြိမ်းချမ်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးတာတွေကို ဆောင်ရွက်နေတဲ့အပေါ် စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
နောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံအနေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေကိုလဲ ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးကာကွယ်ဖို့၊ အွန်လိုင်းလောင်းကစားမှုတွေနဲ့ အွန်လိုင်းလိမ်လည်မှုတွေ ပပျောက်စေဖို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ရေးသာထားပါတယ်။
စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသမှာ တရုတ်အကူအညီနဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပေမယ့် ကချင်ဒေသ တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က စစ်စခန်းအများအပြား လက်လွှတ်ဆုံးရှုံးနေပါတယ်။
စစ်ကောင်စီဟာ ကချင်ဒေသတိုက်ပွဲတွေထဲ စစ်စခန်း (၆၀)ခန့်ကို လက်လွှတ်ဆုံးရှုံးနေရသလို ပလက်ဝအပါအဝင် ရခိုင်ဒေသဘက်မှာလဲ မြို့ (၉)မြို့နဲ့ စစ်စခန်းအများအပြားကို လက်လွှတ်ဆုံးရှုံးနေရတယ်လို့ သတင်းတွေအရ သိရပါတယ်။