ဧပြီလ (၈)ရက်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နဲ့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)တို့အကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
MSFC၊ MSRF နဲ့ MSDF တို့ဟာ မွန်နိုင်ငံရေးနဲ့ မွန်တော်လှန်ရေးအင်အားစုတွေအကြား ညီညွတ်ရေးကို ရည်သန်ပြီး စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးကို အတူတကွ တိုက်ပွဲဝင်နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကနေ နိုင်ငံရေးတာဝန်တွေကို ပူးပေါင်းတာဝန်ယူဖို့အပါအဝင် ကူညီထောက်ပံ့တာတွေနဲ့ မွန်ပြည်ထူထောင်နိုင်တဲ့အထိ မဟာမိတ်တပ်တွေအနေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ဖို့ သဘောတူညီခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မွန်အဖွဲ့အစည်း (၃)ဖွဲ့ဟာ အခြေခံစစ်သင်တန်းတွေနဲ့ စစ်ပစ္စည်းထုတ်လုပ်ဖို့ လုပ်ငန်းတွေမှာ အတူတကွ လုပ်ဆောင်သွားဖို့နဲ့ စစ်ဖက်ဆိုင်ရာသတင်းတွေနဲ့ စစ်ရေးအတွေ့အကြုံတွေကို ဖလှယ်သွားဖို့ သဘောတူခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ဆင်ရေးတိုက်ပွဲတွေ ပေါ်ပေါက်လာပါက မဟာမိတ်အသွင် အတူတကွ တိုက်ပွဲဝင်သွားဖို့ကိုလဲ လက်မှတ်ရေးထိုးကာ သဘောတူညီခဲ့ကြတယ်လို့ ပြောဆိုထားပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ်(MSDF)ရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီက တာဝန်ရှိသူအချို့အနေနဲ့ MSFC မှာ ပူးပေါင်းပါဝင်သွားမယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။