ဧပြီလ (၉)ရက်။
ဧပြီလ (၆)ရက်နေ့ ညနေ(၆)နာရီအချိန်မှာ လယ်ဒိုမြို့နယ်၊ ကုန်းကျောင်းဝရှိ စစ်ကောင်စီရဲ့ ခလရ(၃၀၇)တပ်ရင်းက ၁၅၅မမ ဟောင်ဝစ်ဇာလက်နက်ကြီး (၅)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလက်နက်ကြီးတွေထဲက (၂)လုံးဟာ ဘုရားကြီးကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ကာ နော်ဆိဆိ (၃၅)နှစ်မှာ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ဖီးနော်ဒွဲရဲ့ နေအိမ် ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ (၇)ရက်နေ့ နံနက်(၄)နာရီအချိန်ကလဲ ၁၅၅မမ ဟောင်ဝစ်ဇာလက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ ဒဲကောရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ဧပြီလ (၈)ရက်နေ့ နံနက် (၈)နာရီ (၄၂)မိနစ်မှာ ကုန်းကျောင်းဝရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီး (၂)လုံးကို ကေလာသအရှေ့ဘက်ကို ထပ်မံပစ်ခတ်ခဲ့သေးတယ်လို့ ရေးသားထားပါတယ်။
ညောင်လေးပင်မြို့နယ်၊ အင်ဝိုင်းကျေးရွာရှိ ရေကြည်ချောင်းတံတားက စစ်ကောင်စီဂိတ်ဟာ ၈၁မမ လက်နက်ကြီးတွေကို (၈)ကြိမ်အထိ ပစ်ခတ်ခဲ့တာကြောင့် အင်းပလွဲရွာနဲ့ ရွှေကျင်မြို့က သက္ကယ်ကုန်းရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဧပြီလ (၈)ရက်နေ့ နံနက် (၆)နာရီအချိန်မှာ ကွင်းဒလလေး ဘုန်းကြီးကျောင်းရှေ့လမ်းပေါ် စစ်ကောင်စီတပ်တွေထောင်ထားတဲ့ မြေမြှုပ်မိုင်းကို ရွာသားတစ်ဦး နင်းမိခဲ့ကာ ခြေထောက်ပျက်ဒဏ်ရာအပြင် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။