ဧပြီလ (၁၀)ရက်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ နာယက ဦးဝင်းထိန် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။
NLD ပါတီနာယက ဦးဝင်းထိန်ဟာ အပူရှပ်တာနဲ့ နှလုံးရောဂါကြောင့် မန္တလေးဆေးရုံကြီးကို မနေ့က ည(၇)နာရီခွဲအချိန်မှာ ပို့ဆောင်ခဲ့တာလို့ စစ်ကောင်စီရဲ့တယ်လီဂရမ်ချန်နယ်တွေက ရေးသားထားပါတယ်။
အခုအခါ NLD နာယက ဦးဝင်းထိန်ဟာ မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ဖျားနာဆောင်(၃)၊ (၅)ထပ်ဆောင်၊ (၂)လွှာက အခန်းအမှတ်(၃)မှာ ဆေးကုသနေတယ်လို့ ဖော်ပြထားပါတယ်။
ဦးဝင်းထိန်ကို မန္တလေးရှိ အိုးဘိုအကျဉ်းထောင်မှာ စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ(၁၂၄)(က)နဲ့ ထောင်ဒဏ်နှစ်(၂၀)ချမှတ်ကာ မတရားဖမ်းဆီးအကျဉ်းချထားတာပါ။
NLD နာယက ဦးဝင်းထိန်ဟာ အရင်ကထဲက နှလုံးကြီးတဲ့ ရောဂါအခံရှိကာ ထောင်ထဲ ရောဂါပြန်လည်ဖြစ်ပွားခဲ့တာကြောင့် နေ့စဉ်ဆေးဝါးကုသပေးနေရတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောဆိုထားပါတယ်။
အသက် (၈၀)ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။