ဧပြီလ (၂၄)ရက်။
ဧပြီလ (၂၂)ရက်နေ့ နေ့လယ် (၂)နာရီကျော်အချိန်က ကလေးတက္ကသိုလ်ဝင်းထဲ ခံစစ်အတွက်ပြင်နေတဲ့ စစ်ကောင်စီတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲခံခဲ့ရတယ်လို့ စစ်ကိုင်းတိုင်းပကဖထံက သိရပါတယ်။
ကလေးတက္ကသိုလ်ဝင်းထဲမှာ ဒုဒကစမှူးဦးဆောင်ပြီး စစ်ကောင်စီအင်အား (၆၀)ခန့်က ကင်းတွေချကာ ခံစစ်စည်းပြင်ဖို့အတွက် ဘန်ကာနဲ့ ကတုတ်ကျင်းတွေကို စက်ယန္တရားနဲ့ တူးဖော်နေတာလို့ ဆိုပါတယ်။
အဲ့ဒီအချိန်မှာ ကလေးခရိုင်ပကဖ Wings Of Kalay Drone Team တပ်ဖွဲ့က Drop Bomb (၅)ကြိမ် ကြဲချခဲ့ကာ ပစ်မှတ်တွေဆီကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဗုံးကြဲချတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနိုင်ကာ အရေအတွက်ကိုတော့ မသိရသေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ရေးသားထားပါတယ်။
ကလေးတက္ကသိုလ်ဝင်းထဲက စစ်ကောင်စီတပ်ကို Wings Of Kalay Drone Team နဲ့အတူ ကလေးဝမြို့နယ်ပကဖ၊ KRF တို့ပူးပေါင်းကာ Air Bomb တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနေ့ တစ်ရက်ထဲမှာပဲ စစ်ကောင်စီက ခမ်းပတ်မြို့နဲ့ ကလေးခရိုင်ထဲက ကျေးရွာအချို့ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၃)ဦးသေဆုံးကာ (၉)ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၀)လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။