ဧပြီလ (၂၅)ရက်။
မြေပြင်က အရှိတရားတွေကို လက်ခံပြီး ပြုပြင်နိုင်ကြမှသာ ရေရှည်ထိန်းကျောင်းသွားနိုင်မယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
NUG အနေနဲ့ ဒေသန္တရအဆင့် အုပ်ချုပ်ရေးဖော်ဆောင်မှု တာဝန်ရှိသူအဆင့်ဆင့်ကို အာဏာရှင်မဆန်ဘဲ အစိုးရပီသစွာ ပြည်သူကို အလုပ်အကျွေးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့လိုတယ်လို့ ဆိုပါတယ်။
အစိုးရဆိုတဲ့ တာဝန်ကို စတင်ယူလိုက်ပြီဆိုကထဲက အစိုးရရဲ့ ယန္တရားအဆင့်ဆင့်ဟာ မူဝါဒ၊ စည်းဘောင်တွေနဲ့အညီ အလုပ်လုပ်ဆောင်ကြရပြီး တာဝန်ယူတာဝန်ခံမှုတွေ ပူးတွဲပါလာရမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီမိုကရေစီထွန်းကားတဲ့ တိုင်းပြည်တွေမှာ ပြည်သူကပေးတဲ့ အခွင့်အာဏာကို လက်ခံပြီး ပြည်သူ့အရေးအတွက် တာဝန်ယူမှု/တာဝန်ခံမှုတွေနဲ့အတူ ကြိုးစားဆောင်ရွက်ရတာက အစိုးရတစ်ရပ်ရဲ့ တာဝန်လို့ ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါ့ပြင် ဘဏ္ဍာငွေအသုံးစရိတ်တွေကို ထိထိရောက်ရောက်နဲ့ အလေအလွင့်မရှိ အသုံးပြုနိုင်ဖို့နဲ့ တပ်ရိက္ခာ၊ ဒေသအလိုက် အရံရိက္ခာ ဖြည့်ဆည်းတာတွေအတွက် မြေပြင်တာဝန်ရှိသူတွေ အာရုံစိုက်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပြီးစီးတဲ့အခြေအနေနဲ့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။