ဧပြီလ (၂၉)ရက်။
ဧပြီလ (၂၆)ရက်နေ့က ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်ထဲ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုး၀င်လာတာကြောင့် ပြည်သူ (၅၈၁၉)ဦးခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျောက်တန်းရွာ၊ အင်္ဂနီရွာ၊ သရက်ချောင်းရွာ၊ ပဇင်းပင် ကျောက်ပုံစိတ်ရွာနဲ့ ရုံးဒိုင်းကျေးရွာတို့ရှိ အိမ်ထောင်စု (၁၁၄၈)စုက ကျေးရွာနေပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ သူတို့စစ်ကြောင်းထိုးတဲ့ လမ်းတစ်လျှောက်မှာ လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ခတ်တာနဲ့ ပြည်သူတွေကို လမ်းပြအနေနဲ့ အသုံးပြုတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာတွေရှိတာကြောင့် အခုလို ပြည်သူတွေအနေနဲ့ ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်ကြရတာလို့ ပြောဆိုထားပါတယ်။
ဧပြီလ (၂၇)ရက်နေ့ကလဲ သထုံမြို့နယ်က စစ်ကောင်စီရဲ့ (အမတ-၄၀၂)တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်တာကြောင့် ဓါးရိုးရွာအနီးရှိ ပြည်သူတွေရဲ့လုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲခဲ့ကာ တစ်ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။