ဧပြီလ (၃၀)ရက်။
စစ်ကောင်စီထံ စစ်မှုမထမ်းချင်တာကြောင့် NUG ကို ဆက်သွယ်လာသူ တစ်လအတွင်း (၁၅၀၀၀)ခန့်ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ NUG (၃)နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားချက်အရ သိရပါတယ်။
မတ်လ (၃၀)ရက်နေ့ကစပြီး စစ်မှုထမ်းဥပဒေအပေါ် တုံ့ပြန်တဲ့အနေနဲ့ NUG က တယ်လီဂရမ်ချန်နယ်ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာမှာ ဆက်သွယ်သူအများစုက PDF ထဲဝင်ရောက်လိုသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို PDF ထဲ ဝင်လိုသူတွေကို ကာကွယ်ရေးဝန်ကြီးဌာနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေကာ လွတ်မြောက်နယ်မြေသို့ ခိုလှုံလိုသူတွေကိုလဲ လူသားစာနာဝန်ကြီးဌာနကတစ်ဆင့် ချိတ်ဆက်ပို့ဆောင်ပေးနေတယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခံရတာကြောင့် ရှေ့တန်းစစ်မြေပြင်အထိ လိုက်ပါရသူတွေကိုလဲ စစ်ကောင်စီလက်အောက်ကနေ ထွက်ခွာနိုင်ဖို့ ဖန်တီးဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။
“ စိတ်ပါတာဖြစ်စေ မပါတာဖြစ်စေပေါ့ အကြမ်းဖက်စစ်အုပ်စုဘက်က ရပ်ပြီးတော့ ပြည်သူလူထုဘက်ကို သေနတ်ဖောက်ပြီဆိုရင်တော့ အကြမ်းဖက်စစ်အုပ်စုထဲ ဝင်ရောက်သွားတဲ့ အနေအထားပေါ့။ အဲ့ဒီအခြေအနေမျိုးထိ အရောက်မခံဘဲ အလံဖြူထောင်ဖို့ ပြည်သူ့ရင်ခွင်ခိုလှုံတာတွေ အလျင်အမြန်လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒါ့ပြင် တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းနေတာတွေရှိပြီး တိုင်းရင်းသားအစုအဖွဲ့အများစုကလဲ တိမ်းရှောင်လိုပါက လက်ခံမယ်လို့ အသိပေးထားတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။