စစ်ကောင်စီရဲ့ တောင်စွန်းစခန်းကို (၁၆)ရက်အကြာမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
မေလ (၄)ရက်။
မေလ (၃)ရက်နေ့က ၀မ်းရေးမြို့ရှိ စစ်ကောင်စီရဲ့ လင်းနယ်(တောင်စွန်း)စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Lion Battalion စစ်ကြောင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လင်းနယ်(တောင်စွန်း)စခန်းဟာ စစ်ကောင်စီက နှစ်ပေါင်း(၄၀)ကျော်အကြာ အထိုင်ချထားပြီး Lion Battalion စစ်ကြောင်း(KNLA နဲ့ PDF)နဲ့ ပူးပေါင်းစစ်ကြောင်းတွေက ဧပြီလ (၁၇)ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲဟာ (၁၆)ရက်ကြာဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးတိုင်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲထဲ စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ်ရေ (၁၀၀)ကျော် ပစ်ကူပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် တိုက်ပွဲထဲ နှစ်ဖက် အထိအခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ Lion Battalion စစ်ကြောင်းက ရေးသားထားပါတယ်။
စခန်းသိမ်းပြီးနောက် ရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် (၂၆)ဦးသေဆုံးပြီး တပ်ရင်းမှူးအပါအ၀င် (၁၃)ဦး စခန်းဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။