မေလ (၆)ရက်။
ဒီကနေ့ နံနက် (၁၁)နာရီဝန်းကျင်မှာ ဖားဆောင်းတိုက်ပွဲထဲ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို ကရင်နီတော်လှန်ရေးတပ်တွေ ပစ်ချနိုင်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေအရ သိရပါတယ်။
အခုလို ဖားဆောင်းတိုက်ပွဲထဲ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး ပစ်ချနိုင်ခဲ့တာကို ကရင်နီပြည်တပ်မတော်ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က အတည်ပြုထားပါတယ်။
“ ဖားဆောင်းဘက်ကို ဆင်းလာတဲ့ ရဟတ်ယာဉ်ကို ၁၁နာရီလောက်မှာ စတင်ပစ်ခတ်ခဲ့တာ ဘောလခဲဘက် ကျသွားပါတယ်။ ဖြစ်စဉ်မှန်ကန်ပါတယ်” လို့ သူက ဒေသတွင်းသတင်းဌာနတွေကို ပြောဆိုထားပါတယ်။
ရဟတ်ယာဉ် ပစ်ချခံရတာကြောင့် ယာဉ်မောင်း (၂)ဦးသေဆုံးကာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အခြားရဟတ်ယာဉ်တစ်စီးနဲ့ ပြန်ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။
အခုအခါ ဖားဆောင်းမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က နေ့တိုင်း လေကြောင်းအသုံးပြုပစ်ခတ်နေတာပါ။
ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ပြီးခဲ့တဲ့နှစ်ထဲက (၂)စီးပစ်ချနိုင်ခဲ့ကာ အခုအခါမှာတော့ (၃)စီးမြောက်အနေနဲ့ ပစ်ချနိုင်ခဲ့တာလို့ သိရပါတယ်။