နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီက ဓါတုအဆိပ်သင့်ဗုံးတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့
မေလ (၉)ရက်။
မနေ့က နေ့လယ် (၃)နာရီခွဲအချိန်မှာ နောင်ချိုမြို့၊ သရက်ကုန်းရွာအနီးက တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီက ဓါတုအဆိပ်သင့်ဗုံးတွေ လေကြောင်းကနေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က ဓါတုအဆိပ်သင့်ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် MDY-PDF ရဲဘော်အချို့ မူးမော်တာနဲ့ အော့အန်တဲ့ဝေဒနာတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေထဲ အရေးမသာတော့တဲ့အတွက် လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ကူတွေ အလွန်အကျွံအသုံးပြုပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်လာတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ သရက်ကုန်းစခန်းကို လက်လွှတ်ခဲ့ရပြီးတဲ့အချိန် MDY-PDF နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲ လေကြောင်းတိုက်ခိုက်တာ (၄၃)ကြိမ်ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
သရက်ကုန်းစခန်းကို ပြန်လည်ရရှိဖို့ စစ်ကောင်စီဘက်က မြေပြင်အင်အား အလုံးအရင်းနဲ့သာမက လက်နက်ကြီးပစ်ကူတွေ၊ လေကြောင်းပစ်ကူတွေနဲ့ပါ နေ့စဉ် ထိုးစစ်ဆင်နေတယ်လို့ ပြောဆိုထားပါတယ်။
အခုအချိန်အထိ သရက်ကုန်းစခန်းကို MDY-PDF က အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကာ ရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။