မေလ (၂၀)ရက်။
လွိုင်ကော်အကျဉ်းထောင်ထဲက အကျဉ်းသားတွေဟာ အာဟာရပြတ်လတ်ပြီး အချိန်မရွေး သေဆုံးသွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လွိုင်ကော်အကျဉ်းထောင်မှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၁၁၀)ကျော်အပါအဝင် အကျဉ်းသားစုစုပေါင်း (၄၀၀)ကျော် အကျဉ်းချခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တစ်လေးလုံးစစ်ဆင်ရေးနဲ့အတူ မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့အချိန်ကစပြီး လွိုင်ကော်အကျဉ်းထောင်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တပ်စွဲနေရာယူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
မြို့ထဲတိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ခံပြည်သူတွေနဲ့ ကရင်နီဒေသက ပြည်သူတွေဟာ စစ်ရှောင်ရတာတွေ ပိုများပြားလာပြီး ပုံမှန်ထောင်ဝင်စာပါဆယ် မပို့နိုင်တာ (၆)လကျော်ရှိပြီလို့ ရေးသားထားပါတယ်။
အခုလို မိသားစုဝင်တွေက ထောင်ဝင်စာပါဆယ်ပို့ဆောင်နိုင်တာမရှိတဲ့အတွက် အကျဉ်းသားတွေဟာ ထောင်ထမင်းနဲ့ဟင်းကိုသာ အဓိကအားပြုနေကြရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလဲ ရိက္ခာကို ချွေတာစားသောက်နေကြရတယ်လို့ ပြောဆိုထားပါတယ်။
ထောင်ထဲက အကျဉ်းသားတွေကို ပုံမှန်ကျွေးဖို့သတ်မှတ်ထားတဲ့ ထမင်း၊ ပဲဟင်းနဲ့ တပတ်စာ အသားဟင်း (၄)တုံးကိုတောင် ကောင်းမွန်စွာ မကျွေးမွေးနိုင်တော့ဘဲ ဆန်၊ ငါးပိနဲ့ ဆားကြမ်းကိုသာ (၆)လကျော်ကြာတဲ့အထိ အားပြုစားသောက်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ဗီတာမင်ဓါတ်ပြည့်ဝစွာ မစားသောက်ရတာအပါအဝင် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခွင့် ကန့်သတ်ခံထားရတဲ့အတွက် အချို့အကျဉ်းသားတွေဟာ လေဖြတ်ရောဂါဝေဒနာမျိုး ခံစားနေရသူ များလာတယ်လို့ အသိပေးထားပါတယ်။
ဒီလိုကျန်းမာရေးချိုးယွင်းလာသူတွေဟာ အာဟာရပြတ်လတ်ပြီး အချိန်မရွေး သေဆုံးသွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတဲ့အတွက် ICRC အနေနဲ့ ကျန်းမာရေးနဲ့ အခြေခံစားသောက်ရေးကိစ္စတွေကို ပို့ဆောင်ပေးနိုင်ဖို့ တောင်းဆိုထားပါတယ်။
အခုအခါ ထောင်ထမင်းနဲ့ဟင်းကိုစားပြီး အသက်ရှင်သန်နိုင်ဖို့ ကြိုးစားကြသူတွေအတွက် ပြည်သူတွေ၊ ကုလအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက မေ့မထားကြဘဲ အာရုံစိုက်ဆောင်ရွက်ပေးဖို့ အထူးလိုအပ်တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။