မေလ (၂၈) ရက်။
မေ ၂၄ ရက် နံနက်လင်းအားကြီးအချိန်မှာ ပါပူအာနယူးဂီနီနိုင်ငံရဲ့ တောင်စောင်းရွာမှာ အင်အားကြီးမားတဲ့ မြေပြိုမှုဖြစ်ပွားခဲ့တဲ့အတွက် လူ ၂,၀၀၀ ခန့် မြေအောက်ကို မြုပ်သွားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေကို တွေ့ရှိဖို့ ဖြစ်နိုင်ခြေ နည်းလွန်းသွားပြီလို့ မေ ၂၈ ရက်နေ့မှာ ယူနီဆက်ဖ် တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
ထပ်မံမြေပြိုမယ့် အနေအထားတွေကြောင့် နယ်ခံထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းကြရမယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
အန်ဂါပြည်နယ်ရှိ တောင်စောင်းရွာမှာ မေ ၂၄ ရက် နံနက်လင်းအားကြီးအချိန် မွန်ဂါလိုတောင် အစိတ်အပိုင်းအများအပြား ပြိုကျလာတဲ့အခါ တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့ရပါတယ်။ အိမ်တွေနဲ့ အဲ့ဒီအိမ်တွေထဲတွင် အိပ်ပျော်နေကြသူတွေ မြေကြီးအောက် ရောက်ကုန်ကြတာဖြစ်ပါတယ်။
နယ်ခံတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကားတစ်စီးအရွယ်အစားရှိတဲ့ ကျောက်တုံးတွေ၊ အမြစ်ကနေကျွတ်ထွက်နေတဲ့ သစ်ပင်တွေကို ဖယ်ရှားပြီး မြေပြိုမှုအောက်က အလောင်းတွေကို ရှာဖွေဖို့ ဂေါ်ပြားတွေ၊ သစ်သားတွေကို အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဒီနေ့ဆို လေးရက်မြောက်သွားပြီ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စက်ယန္တရားတွေလည်း မရှိတဲ့အတွက် အလုပ်က ထင်သလောက် ခရီးမပေါက်ဘူး ဖြစ်နေပါတယ်။
တောင်မှပဲ့ထွက်လာတဲ့ မြေကြီးတွေအောက်မှာ အသက်ရှင်နေသူတွေ ရှိနေဆဲဆိုတဲ့ မျှော်လင့်ချက်တွေလည်းသည် မှေးမှိန်လာပြီ ဖြစ်ပါတယ်။
ဒီနေ့ မေ ၂၈ ရက် နံနက်ပိုင်းမှာတော့ ထုံးကျောက်တုံးတွေ၊ ကျောက်တုံးတွေ မွန်ဂါလိုတောင်ရဲ့ ဘေးကနေ ပဲ့ထွက်နေဆဲဖြစ်တာကို ရုပ်သံတွေမှာ တွေ့မြင်နေရပါတယ်။