CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက်
သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ မိုင်ပေါင်း ၅၀၀ ကျော်အကွာရှိ အငြင်းပွားဖွယ်ရာ အိုင် (lagoon) အတွင်း၌ “သုတေသန” ပြုလုပ်မှုများကို လုပ်ဆောင်ခဲ့သည်။
ပစိဖိတ်ဒေသတွင်တရုတ်၏ နယ်မြေပိုင်ဆိုင်မှုရသင့်ကြောင်းတောင်းဆို၍ တရုတ်နိုင်ငံသည် “ ဆလာမီကို ပါးပါးလှီးခြင်း” (Salami-slicing) နည်းဗျူဟာကို အသုံးပြုနေသည်ဟု ကာလရှည်ကြာ စွပ်စွဲခံထားရသည်။ ၎င်းသည် တိုက်ရိုက်စစ်ပွဲမဖြစ်ပွားလောက်သည့် အခြေအနေအောက်တွင်သာ ရှိသော ခြေလှမ်းအသေးစားလေးများကို လှမ်းခြင်းဖြင့် နိုင်ငံတကာဥပဒေအရ ၎င်းတို့၏ ထိုနေရာတွင် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုရှိ ကြောင်း ပြောဆိုမှုတွင် ရှင်းလင်းခြင်းမရှိဖြစ်နေခြင်းက ၎င်းတို့အတွက် အကောင်းဆုံး အနေအထား တခုဖြစ်ပြီး အဆိုးဆုံးအနေနှင့်ပြောရလျှင်ထိုနေရာများအပေါ် စိုးမိုးမှုကို အခိုင်အမာပြသရန် ကြိုးပမ်းခြင်းသည် တရားမဝင်ဖြစ်နေခြင်းပင်ဖြစ်သည်။
လေ့လာဆန်းစစ်သူများကမူ ယခုနောက်ဆုံး လှုပ်ရှားမှုများသည် ပေကျင်းနှင့် ဝါရှင်တန်တို့က အနောက်ပစိဖိတ်ဒေသ၏ အရေးပါသော ထိန်းချုပ်ရေးစည်းအဖြစ် သတ်မှတ်ထားသည့် ကျွန်းစုတန်း (Island Chain) ကို ကျော်လွန်၍ ၎င်းတို့၏ တည်ရှိမှုကို တိုးချဲ့ရန် ကြိုးပမ်းမှု ဖြစ်ကြောင်း ပြောကြားသည်။ တရုတ်နိုင်ငံက လိုအပ်ပါက အင်အားသုံး၍တစ်နေ့တွင် “ပြန်လည်ပေါင်းစည်းမည်” ဟု ကတိပြုထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်း အတွက် ဤလှုပ်ရှားမှုများသည် အထူးစိုးရိမ်စရာဖြစ်လာနိုင်ကြောင်း ၎င်းတို့က ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ရင်းနှီးဖော်ရွေမှုများ ပြည့်နှက်နေသော ပေကျင်းခရီးစဉ် အပြီးတွင် ယခုကဲ့သို့ ရေကြောင်းလှုပ်ရှားမှုများ အရှိန်အဟုန်ပြင်းစွာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော်လည်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က အမေရိကန်-တရုတ် ဆက်ဆံရေးကို ပျက်ပြားစေမည့် အကြီးမားဆုံးပြဿနာမှာ ထိုင်ဝမ်ဖြစ်သည်ဟူသော အချက်တစ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောကြားရန် ထိုခရီးစဉ်ကို အသုံးချခဲ့သည်။
ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံ၏ အရပ်ဘက်ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ရေကြောင်းဘေးကင်းလုံခြုံရေးအေဂျင်စီ (MSA) မှ သင်္ဘောသုံးစင်းသည် ဖိလစ်ပိုင်နှင့် ထိုင်ဝမ်အကြားရှိ ဘာရှီရေလက်ကြား (Bashi Channel) ကို ဖြတ်သန်းမောင်းနှင်ခဲ့ပြီး ထိုင်ဝမ် အရှေ့ဘက် ရေပိုင်နက်များတွင် ဥပဒေစိုးမိုးရေးနှင့် မြေပုံညွှန်းရေးဆွဲခြင်းလုပ်ငန်းများကို စတင်ခဲ့သည်။
စောင့်ကြည့်လေ့လာသူများကမူ ဂျပန်တောင်ပိုင်းမှ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်ကို ဖြတ်သန်းကာ ဘော်နီယိုမှ စင်ကာပူအထိ တောင်တရုတ်ပင်လယ်တောင်ပိုင်း အစွန်းတစ်လျှောက်သွယ်တန်း နေသော “ပထမကျွန်းစုတန်း” (First Island Chain) ၏ အရှေ့ဘက်တွင် MSA သင်္ဘောများကို ပထမဆုံးအကြိမ် တွေ့ရှိရခြင်းဖြစ်ကြောင်း ပြောကြားသည်။
တရုတ်နိုင်ငံ၏ မီးခိုးရောင်နယ်ပယ်ဗျူဟာများ (Gray-zone tactics) ကို အဓိကထား လေ့လာ သည့် စတန်းဖို့ဒ်တက္ကသိုလ်၏ Gordian Knot အမျိုးသားလုံခြုံရေးဆန်းသစ်တီထွင်မှုဗဟို ဌာနရှိ SeaLight စီမံကိန်း ညွှန်ကြားရေးမှူး ရေးပါဝဲလ် (Ray Powell) က ယင်းကို “ဘာရှီ ဖောက်ထွက်မှု” (Bashi Breakout) ဟု ခေါ်ဆိုခဲ့သည်။
ပေကျင်းအနေဖြင့် “ပထမကျွန်းစုတန်းရဲ့ အခြားတစ်ဖက်မှာရှိတဲ့ ဒီနယ်မြေကို ငါတို့ စီရင် ပိုင်ခွင့်ရှိတယ်လို့ အဓိကပြောနေတာပဲ။ ဒါဟာ တော်တော်လေးကို အဓိပ္ပာယ်ရှိပါတယ်” ဟု ၎င်းက CNN သို့ ပြောကြားခဲ့သည်။
“ဒါဟာ သူတို့အနေနဲ့ ကိုးစင်းပြတ်/ဆယ်စင်းပြတ်မျဉ်း (9-Dash/10-Dash Line) ပြင်ပမှာ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ကင်းလှည့်တာမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ရတာ ဖြစ်ပါတယ်” ဟု ပါဝဲလ်က CNN သို့ ပြောသည်။ ထိုမျဉ်းသည် တောင်တရုတ်ပင်လယ် အများစုကို ပေကျင်းက အငြင်းပွားဖွယ်ရာ ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားခြင်းဖြစ်ပြီး အိမ်နီးနားချင်းနိုင်ငံများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြကာ ၂၀၁၆ ခုနှစ်တွင် သဟိဂ်မြို့ရှိ အမြဲတမ်းခရိုနီခုံရုံး (Permanent Court of Arbitration) က ဥပဒေကြောင်းအရ အခြေခံမရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
ပေကျင်းသည် “ရေပြင်ပေါ်တွင် အခြေအနေအသစ်များကို ဖန်တီးရန်” ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ၎င်းက CNN သို့ ပြောကြားခဲ့သည်။
တရုတ်အစိုးရပိုင် Global Times သတင်းစာက MSA သင်္ဘောများ၏ လှုပ်ရှားမှုကို “ဥပဒေ ကြောင်းအရ အရေးပါမှုနှင့် နိုင်ငံရေးအရ အချက်ပြမှု နှစ်ခုစလုံးပါဝင်သော အချုပ်အခြာ အာဏာ ကြေညာချက်” ဟု ခေါ်ဆိုခဲ့သည်။
ထိုင်ဝမ်အတွက် စိန်ခေါ်မှု
ထိုအချက်ပြမှုအများစုသည် ထိုင်ဝမ်နှင့် ယင်း၏ လူဦးရေ ၂၃ သန်းကို ရည်ရွယ်ခြင်း ဖြစ်လိမ့်မည်။
နိုင်ငံတကာ၏ တုံ့ပြန်မှုကို အကဲဖြတ်ရန် ပေကျင်းက သတင်းအချက်အလက်များပေါက်ကြား ရာတွင် မကြာခဏ အသုံးပြုလေ့ရှိသည့် တရုတ်အမျိုးသားရုပ်သံလွှင့်ဌာနမှ ဖွင့်လှစ်ထား သော တစ်ပိုင်းတရားဝင် လူမှုကွန်ရက်အကောင့်တစ်ခုဖြစ်သည့် Yuyuan Tantian မှတစ်ဆင့် တရုတ်နိုင်ငံက ၎င်းတို့၏ MSA သင်္ဘောများသည် ထိုင်ဝမ်အရှေ့ဘက်ရှိ ပင်လယ်ကြမ်းပြင်ကို ပထမဆုံးအကြိမ် မြေပုံညွှန်းရေးဆွဲခဲ့ကြောင်း ပြောကြားခဲ့သည်။
၎င်းသည် ထိုရေပိုင်နက်များအပေါ် အာဏာသက်ရောက်စေရန် တရုတ်နိုင်ငံတွင် စွမ်းဆောင် ရည်မရှိဟု နိုင်ငံခြားသားများ၏ ပြောဆိုချက်များကို တုံ့ပြန်ပယ်ချလိုက်ခြင်းဖြစ်ကြောင်း ထိုအကောင့်၏ ပို့စ်တစ်ခုတွင် ဖော်ပြထားသည်။
“ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဘက် ရေပိုင်နက်တွေဟာ ကျွန်ုပ်တို့ရဲ့ ‘ကမ်းနီးရေပြင်’ ဖြစ်လာမှာ ဖြစ်ပြီး ကျွန်ုပ်တို့ အမြဲရှိနေကာ စီရင်ပိုင်ခွင့်နဲ့ အုပ်ချုပ်ရေးကို ကျင့်သုံးမယ့် ရေပြင်ပဲဖြစ် ပါတယ်” ဟု ဖော်ပြထားသည်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် (Lai Ching-te) က MSA မစ်ရှင်၏ နောက်ကွယ်က အကြောင်းရင်း များသည် ရှင်းလင်းကြောင်း ပြောကြားခဲ့ပြီး “သူတို့ (ပေကျင်း) ရဲ့ တကယ့်ရည်ရွယ်ချက်က နယ်မြေချဲ့ထွင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထိုင်ဝမ် လုံခြုံရေးအရာရှိတစ်ဦးက ပေကျင်းသည် ထိုင်ဝမ်အပေါ် လက်တွေ့ကျကျ စီရင် ပိုင်ခွင့် (de facto jurisdiction) ရှိနေသည်ဟူသော အထင်အမြင်မှားတစ်ခုကို ဖန်တီးရန် MSA သင်္ဘောများကို အသုံးပြုနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လိုင်က ပေကျင်းသည် ၎င်း၏ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုချက်များကို မြှင့်တင်ရန်နှင့် ထိုင်ဝမ်နှင့် အင်ဒို-ပစိဖိတ် နိုင်ငံများကို ခြိမ်းခြောက်ရန် နည်းလမ်းများကို ဆက်လက်“တီထွင်” နေကြောင်း ပြောကြားခဲ့သည်။ “ထိုင်ဝမ်အပေါ် တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကအကန့်အသတ် မရှိပါဘူး” ဟု ၎င်းက မကြာသေးမီက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုင်ဝမ်အရှေ့ဘက် ရေပိုင်နက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ် အတွင်း ၎င်း၏ ပိုင်ဆိုင်မှုတောင်းဆိုချက်များကို လွှမ်းခြုံထားသည့် ကိုးစင်းပြတ်မျဉ်း (9-Dash Line) ကို ဆယ်စင်းအထိ တိုးချဲ့ကာ ၁၀ စင်းမြောက်မျဉ်းကို ထိုင်ဝမ်အရှေ့ဘက်တွင် ထားရှိခြင်းဖြင့် ၂၀၂၃ ခုနှစ်တွင် ထိုဆလာမီ၏ ပထမဆုံးအပိုင်းကို စတင်လှီးဖြတ်ခဲ့သည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် (PLAN) သည် ယခင်က ထိုင်ဝမ်အရှေ့ဘက် တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ဖူးသော်လည်း ရေရှည်တွင် MSA သင်္ဘောများနှင့် ၎င်းတို့ကဲ့သို့သော စစ်ဘက်မဟုတ်သည့် အရပ်ဘက်သင်္ဘောများသည် ခြိမ်းခြောက်မှု နည်းပါးသည်ဟု ထင်ရသဖြင့် လက်ရှိအခြေအနေ (status quo) အတွက် ပိုမိုကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောသည်။
အခြေခံအားဖြင့် MSA သင်္ဘောများသည် သဘာဝပတ်ဝန်းကျင်နှင့် ရေကြောင်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာစေရန် ရဲတပ်ဖွဲ့ကဲ့သို့သော အခန်းကဏ္ဍမှ ဆောင်ရွက်ကြသည်။
“ဒါဟာ ထိုင်ဝမ်ဆီကို ချဉ်းကပ်လာတဲ့ ရေလမ်းကြောင်းတွေမှာ သူတို့ကိုယ်သူတို့ ‘ရဲတပ်ဖွဲ့’ အဖြစ် အခြေချဖို့ သူတို့ရဲ့ ရေတိုပစ်မှတ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ပါဝဲလ်က ပြောကြားခဲ့သည်။
မကြာသေးမီက ရေကြောင်းမောင်းနှင်မှုအတွင်း တရုတ် MSA သင်္ဘောများသည် ထိုင်ဝမ်သို့ ဦးတည်မောင်းနှင်နေသည့် ကုန်သွယ်ရေးသင်္ဘောများကို ရေဒီယိုမှတစ်ဆင့် သတိပေးမေးမြန်း မှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
နောက်တစ်ဆင့်အနေဖြင့်— “ စပါးအုန်းမြွေကဲ့သို့ ရစ်ပတ်ညှစ်ထုတ်ခြင်း” နည်းလမ်းအရ— ထိုသင်္ဘောများကို ထိုင်ဝမ်သို့ မသွားရောက်မီ အမှန်တကယ် တားဆီးခြင်း သို့မဟုတ် တရုတ် ဆိပ်ကမ်းများသို့ အတင်းအဓမ္မ ဝင်ရောက်ခိုင်းခြင်းတို့ ဖြစ်လာနိုင်ကြောင်း ပါဝဲလ်က ဆိုသည်။
သဘာဝဓာတ်ငွေ့အရည် (LNG) တင်ဆောင်သည့် သင်္ဘောများကဲ့သို့သော သင်္ဘောများကို ပစ်မှတ်ထားခြင်းက ၎င်း၏ စွမ်းအင်လိုအပ်ချက်အားလုံးနီးပါးအတွက် တင်သွင်းမှုအပေါ် မှီခိုနေရသော ထိုင်ပေအတွက် မကောင်းသော နိမိတ်လက္ခဏာ သတင်းစကားတစ်ခု ပေးပို့နိုင် ကြောင်း ၎င်းက ပြောသည်။
ပါဝဲလ်၏ အဆိုအရ “LNG နဲ့ ပတ်သက်လာရင် ငါတို့ မင်းတို့ကို အငတ်ဘေးဆိုက်အောင် လုပ်နိုင်တယ်ဆိုတာ ထိုင်ဝမ်ကို သိစေချင်တာမျိုး” ဖြစ်ပြီး ပေကျင်းက ထိုင်ဝမ်၏ စွမ်းအင် တင်သွင်းမှုကို ထိန်းချုပ်နိုင်သည့် အခြေအနေအထိ ဖြည်းဖြည်းချင်း တိုးမြှင့်လုပ်ဆောင် သွားရန် ဖြစ်သည်။
ထို့ပြင် Yuyuan Tantian အကောင့်မှ တင်ပြထားသော “ကမ်းနီးရေပြင်” ဟု သတ်မှတ်ချက်ကို အစိုးရအေဂျင်စီတစ်ခုက တရားဝင်ထုတ်ပြန်ပါက တရုတ်နိုင်ငံအနေဖြင့် ဤရေပိုင်နက်များ ကို မိမိတို့၏ အချုပ်အခြေအာဏာပိုင် နယ်မြေအဖြစ် သတ်မှတ်နိုင်သည်ဟု ကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။
“ဒီကမ်းနီးရေပြင်ကို အချုပ်အခြေအာဏာပိုင်စိုးတဲ့ နိုင်ငံရဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသင်္ဘော တွေ ဝင်ရောက်ပိုင်ခွင့် မရှိပါဘူး” ဟု အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်၏ ပူးတွဲထောက်လှမ်း ရေး ဗဟိုဌာန ညွှန်ကြားရေးမှူးဟောင်း ကားလ် ရှုစတာ (Carl Schuster) က ပြောကြား ခဲ့သည်။
ထိုင်ဝမ်တွင် အကျိုးစီးပွားရှိသည့် နိုင်ငံခြားအင်အားကြီးနိုင်ငံများကလည်း ယင်းကို သတိပြုမိနေကြသည်။
“တရုတ်ရဲ့ လုပ်ဆောင်ချက်တွေဟာ တည်ငြိမ်မှုကို ဆိုးဆိုးရွားရွား ပျက်ပြားစေပါတယ်” ဟု တရုတ်ကမ်းခြေစောင့်သင်္ဘောများက ကုန်သွယ်ရေးသင်္ဘောများကို နှောင့်ယှက်နေသည် ဟူသော သတင်းများနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့သည် ထိုင်ပေရှိ ၎င်းတို့၏ တရားဝင်မဟုတ်သော်လည်း လက်တွေ့ကျကျ ဆောင်ရွက်နေသော သံရုံးများမှတစ်ဆင့် ပူးတွဲကြေညာချက်တစ်စောင်ကို ဖြစ်တောင့်ဖြစ်ခဲ ထုတ်ပြန်ခဲ့ပြီး “ထိုင်ဝမ်အရှေ့ဘက် ရေပိုင်နက်အတွင်း တရုတ်တို့၏ ထူးခြား ဆန်းသစ်သော လှုပ်ရှားမှုများ” အပေါ် “စိုးရိမ်ပူပန်မှု” ရှိကြောင်း ဖော်ပြခဲ့သည်။
“ဒီလုပ်ရပ်တွေဟာ ဒေသတွင်း တည်ငြိမ်မှု၊ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ နိုင်ငံတကာ သင်္ဘောလိုင်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေပါတယ်” ဟု အမေရိကန်ကဲ့သို့ပင် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေးမရှိသည့် ဥရောပ အင်အားကြီးနိုင်ငံများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ရှုစတာက ထိုင်ဝမ်ကမ်းလွန်တွင် မြေပုံညွှန်းရေးဆွဲသည့် လုပ်ငန်းသည် စစ်ရေးအရလည်း သက်ရောက်မှုများ ရှိနေကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ အဲဒီရေပိုင်နက်တွေမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်ရဲ့ ရေငုပ်သင်္ဘောတွေနဲ့ စစ်ဆင်ရေးအဖွဲ့တွေ လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်ပေးပါလိမ့်မယ်။ ဒါ့အပြင် တရုတ်နိုင်ငံအတွက် အကျိုးရှိအောင် အသုံးချနိုင်မယ့် ရေအောက်ကေဘယ်ကြိုး တွေ၊ အသုံးချနိုင်တဲ့ အရင်းအမြစ်တွေနဲ့ ရေအောက်ကြမ်းပြင်ရဲ့ သွင်ပြင်လက္ခဏာတွေကို အလွန်တိကျတဲ့ ပုံရိပ်တစ်ခု ရရှိစေမှာဖြစ်ပါတယ်” ဟု ရှုစတာက ဆိုသည်။
ထိုင်ဝမ်အရှေ့ဘက်ရှိ ၎င်းတို့၏ သီးသန့်စီးပွားရေးဇုန်များတွင် ထပ်တူကျနေသော ပိုင်ဆိုင်မှု တောင်းဆိုချက်များနှင့် ပတ်သက်၍ ဂျပန်နှင့် ဖိလစ်ပိုင်တို့အကြား မကြာသေးမီက ဆွေးနွေးမှု များသည် ထိုင်ဝမ်အရှေ့ဘက်ရှိ MSA မစ်ရှင်အတွက် လှုံ့ဆော်မှုတစ်ခု ဖြစ်နိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ယခုကဲ့သို့သော စစ်ဆင်ရေးများကို ကြိုတင်စီစဉ်ထားလေ့ရှိပြီး ယင်းကဲ့သို့သော အစပြုလှုံ့ဆော်မည့် ဖြစ်ရပ်များကို စောင့်ဆိုင်းနေတတ်ကြောင်း ပါဝဲလ်က ပြောကြားခဲ့သည်။
“ပေကျင်းက အခွင့်အရေးကို သိမြင်ပြီး ဆွေးနွေးပွဲတွေကို လုံးဝတရားမဝင်ဘဲ ပျက်ပြယ် ကြောင်း ကြေညာဖို့ အလျင်အမြန် လုပ်ဆောင်ခဲ့တယ်” ဟု ၎င်းက SeaLight ဘလော့ဂ်တွင် ရေးသားခဲ့သည်။
ထိုင်ဝမ်လုံခြုံရေးအရာရှိကလည်း ထိုသဘောထားကို ထပ်ဆင့်ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသည် မဟာဗျူဟာမြောက် အခွင့်အလမ်း များစွာကို အသုံးချကာ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်၊ ထိုင်ဝမ်ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်တို့တွင် နယ်မြေချဲ့ထွင်ရေး စစ်ရေးလှုပ်ရှားမှုများနှင့် မီးခိုး ရောင်နယ်ပယ် လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
“တရုတ်ရဲ့ ဒေသတွင်း လှုပ်ရှားမှုတွေကို တရုတ်-ထိုင်ဝမ် တင်းမာမှု ရှုထောင့်တစ်ခုတည်း ကနေပဲ ကြည့်မယ်ဆိုရင် ဒါဟာ အကြီးအကျယ် မှားယွင်းစွာ အဓိပ္ပာယ်ကောက်ယူတာ ဖြစ်ပါလိမ့်မယ်” ဟု ထိုအရာရှိက ပြောကြားခဲ့ပြီး ဂျပန်နှင့် ဖိလစ်ပိုင်တို့သည်လည်း ပေကျင်း ၏ ဒေသတွင်း ရည်မှန်းချက်များ၏ ဆိုးကျိုးကို ခံစားနေရကြောင်း ဖြည့်စွက်ပြောကြား ခဲ့သည်။
CNN အနေဖြင့် ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တရုတ်နိုင်ငံ၏ MSA ထံ တောင်းဆို ထားသည်။
‘သုတေသနသင်္ဘော လှည့်ကွက်’
တောင်တရုတ်ပင်လယ်တွင် မကြာသေးမီက အဓိကအာရုံစိုက်မှုမှာ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းမကြီး၏ အနောက်ဘက် ၁၄၀ မိုင် (၂၂၀ ကီလိုမီတာ) အကွာနှင့် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်မှ မိုင် ၅၃၀ ခန့်အကွာတွင်ရှိသော လူနေထိုင်ခြင်းမရှိသည့် အလယ်တွင် အိုင် (lagoon) ပါရှိသော စကာဘရော့ကျောက်တန်း (Scarborough Shoal) ပေါ်တွင် ဖြစ်သည်။
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS) ရှိ အာရှရေကြောင်း ပွင့်လင်း မြင်သာမှု အစီအစဉ် (Asia Maritime Transparency Initiative) အရ ထိုကျောက်တန်းသည် ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း တည်ရှိသော်လည်း ၂၀၁၂ ခုနှစ်ကတည်းက ကမ်းခြေစောင့်သင်္ဘောများကို အမြဲမပြတ် ရှိနေစေခြင်းဖြင့် တရုတ်နိုင်ငံက ထိရောက်စွာ ထိန်းချုပ်ထားသည်။
မကြာသေးမီက အိုင်၏ အဝင်ဝအနီး ဂြိုဟ်တုဓာတ်ပုံများတွင် သေးငယ်သော ရေမျော တည်ဆောက်ပုံတစ်ခု ပေါ်လာသဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် စိုးရိမ်ပူပန်မှုများနှင့် ကန့်ကွက်မှုများ ထွက်ပေါ်လာခဲ့သည်။ ၂၀၁၆ ခုနှစ် သဟိဂ်မြို့ရှိ တောင်တရုတ်ပင်လယ်ခုံရုံးက တရုတ်နိုင်ငံ အနေဖြင့် ဤကျောက်တန်းကို တရားဝင် သိမ်းပိုက်ခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
နောက်ပိုင်း ဓာတ်ပုံများတွင် ထိုတည်ဆောက်ပုံကို အိုင်အတွင်းသို့ ဆွဲခေါ်သွားသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံက အဆိုပါ ရေမျောတည်ဆောက်ပုံသည် ရေကြောင်းသုတေသန ပြုလုပ် နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြီးခဲ့သည့်အပတ်က ပြန်လည်ရုပ်သိမ်း လိုက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပါဝဲလ်က လတ်တလောတွင် တရုတ်၏ ရှင်းလင်းချက်ကို သဘောတူသည့်ဘက်တွင် ရှိနေသည်။
သို့သော် ၎င်းတို့သည် ရေရှည်တွင် ပိုမိုကြီးမားပြီး အမြဲတမ်းတည်ရှိမည့်အရာတစ်ခုသို့ ကူးပြောင်းသွားနိုင်ကြောင်း ၎င်းက ပြောသည်။
၎င်းသည် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘတ် တီအိုဒိုရို (Gilbert Teodoro) ၏ စိုးရိမ်ပူပန်မှုဖြစ်ပြီး၊ တရုတ်နိုင်ငံသည် ယခင်ကလည်း သုတေသနသင်္ဘော လှည့်ကွက်ကို အသုံးပြုခဲ့ဖူးကြောင်း ပြီးခဲ့သည့်အပတ်က Financial Times သို့ ပြောကြားခဲ့သည်။ ခေါင်းဆောင် ရှီကျင့်ဖျင်က ၂၀၁၅ ခုနှစ် အိမ်ဖြူတော်ခရီးစဉ်အတွင်း ယင်းသို့ မလုပ်ဆောင် ရန် ကတိပြုခဲ့သော်လည်း စစ်အခြေစိုက်စခန်းများအဖြစ် ပြောင်းလဲသွားခဲ့သည့် တောင်တရုတ် ပင်လယ်ကျွန်းတန်းများနှင့် သန္တာကျောက်ကျွန်းများကို ၎င်းက ထောက်ပြ ခဲ့သည်။
“သူတို့ အရင်က လိမ်ခဲ့ရင် အခုလည်း လိမ်နိုင်တာပဲ” ဟု တီအိုဒိုရိုက FT သို့ ပြောကြား ခဲ့သည်။
တစ်ချိန်တည်းမှာပင် မနီလာမြို့ရှိ အမေရိကန်သံရုံးက ဖိလစ်ပိုင်နိုင်ငံအား “ မီးခိုးရောင် နယ်ပယ် လှုပ်ရှားမှုများနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ဆိုင်ရာ ခြိမ်းခြောက်မှုများ” အပါအဝင် “ ရေကြောင်းဆိုင်ရာ စိန်ခေါ်မှုများကို စောင့်ကြည့်ရန်နှင့် တုံ့ပြန်ရန်” ကူညီပေးရန် အတွက် ဒေါ်လာ ၁၃ သန်း တန်ဖိုးရှိ ပင်လယ်ပြင်သုံး ဒရုန်းလေးစင်းကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။
ဝါရှင်တန်နှင့် အခြားမြို့တော်များမှ ကန့်ကွက်မှုများသည် တရုတ်၏ ကျွန်းတည်ဆောက်မှု များကို နှေးကွေးမသွားစေခဲ့ဘဲ ပေကျင်းသည် ထိုအတွေ့အကြုံမှ သင်ခန်းစာရရှိသွားကြောင်း ပါဝဲလ်က ပြောကြားခဲ့သည်။
ထိုင်ဝမ်အရှေ့ဘက်ရှိ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ၎င်းက “ကျွန်တော်တို့က ဆလာမီရဲ့ အပိုင်းအစတစ်ခုကို လှီးဖြတ်နိုင်ပြီး ဒါဟာ နောက်ထပ်အပိုင်းတစ်ခုအတွက် အခြေအနေ တွေကို သတ်မှတ်ပေးပါတယ်။ ဒါဟာ အဲဒီအပိုင်းအစလေးကို လှီးဖြတ်ဖို့ သူတို့အတွက် အခွင့်အရေးပါပဲ” ဟု ပြောကြားခဲ့သည်။
MSA သို့မဟုတ် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့တို့က သင်္ဘောများ ထိုင်ဝမ်သို့ မဝင် ရောက်နိုင်ရန် တားဆီးခြင်း သို့မဟုတ် စကာဘရော့ကျောက်တန်းပေါ်တွင် အဆောက်အအုံ သစ်များ ဆောက်လုပ်ခြင်းစသည့် ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်လာနိုင် ခြေသည် “ကျွန်တော့်ကို ညဘက် အိပ်မပျော်နိုင်အောင် ဖြစ်စေမယ့်အရာပဲ” ဟု ပါဝဲလ်က ပြောကြားခဲ့သည်။
“ကျွန်တော် စိုးရိမ်တာက တခြားသူတွေရဲ့ တုံ့ပြန်မှုက ဂရုမစိုက်ဘဲ ပခုံးတွန့်ပြတာမျိုးပဲ ဖြစ်နေမှာကိုပါ” ဟု ၎င်းက ဆိုသည်။
ယင်းက ဆလာမီ၏ နောက်ဆုံးအပိုင်းအစကို လှီးဖြတ်ပြီးသွားပြီဟု ဆိုလိုခြင်း ဖြစ်နိုင်ပါသည်။ တရုတ်နိုင်ငံက အသာစီးရသွားပြီ ဖြစ်သည်။

တရုတ်အရာရှိနှစ်ဦးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက် ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်းပြည်နယ်၊ ချင်းတောင်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် သင်္ဘောများ ခရီးနှင်နေသည်ကို စောင့်ကြည့်နေစဉ်။ Yu Fangping/Feature China/Future Publishing/Getty Images (ပုံ)

၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ ထိုင်ဝမ်ကျွန်းပတ်လည် တရုတ်စစ်ရေးလေ့ကျင့်မှုဆိုင်ရာ သတင်းထုတ်ပြန်ချက်တစ်ခုတွင် တရုတ်ရေတပ်သင်္ဘောတစ်စင်းကို မြင်တွေ့ရစဉ်။ Florence Lo/Reuters

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်က တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရှိ ထိုင်ဝမ်နှင့် အနီးဆုံးနေရာဖြစ်သော ပင်တန်ကျွန်းအနီး ရေပြင်တွင် တရုတ်သင်္ဘောတစ်စင်းကို မြင်တွေ့ရပုံကိုတရုတ်တီဗွီတွင်ပြသထားစဥ်။ Adek Berry/AFP/Getty Images

ပရာတပ်စ်ကျွန်း (Pratas Island) ပင်လယ်ကမ်းခြေအနီးတွင် အလံတင်အခမ်းအနား ပြုလုပ်ပြီးနောက် ထိုင်ဝမ်အလံအချို့ကို သယ်ဆောင်လာသည့် ကမ်းခြေ စောင့် တပ်ဖွဲ့ဝင် တစ်ဦး။ Alberto Buzzola/LightRocket/Getty Images
ဘာသာပြန်သူ အပိုရှင်းလင်းချက်။
‘Salami slicing’ (သို့မဟုတ် Salami tactic) ဆိုတာ ကြီးမားပြီး အငြင်းပွားဖွယ်ဖြစ်စေမယ့် ရည်မှန်းချက်တစ်ခုကို တစ်ကြိမ်တည်းနဲ့ အတင်းအဓမ္မ မလုပ်ဘဲ၊ သေးငယ်တဲ့ ခြေလှမ်းလေးတွေ စိတ်ရှည်လက်ရှည် တရွေ့ရွေ့ချင်းလှမ်းပြီး နောက်ဆုံးမှာ လိုချင်တဲ့ ပန်းတိုင်ကို အပိုင်သိမ်းတဲ့ ဗျူဟာ (Strategy) တစ်ခု ဖြစ်ပါတယ်။
ဒီအသုံးအနှုန်းဟာ စားစရာ “ ဆလာမီ ဝက်အူချောင်း” (Salami Sausage) ကနေ ဆင်းသက်လာတာပါ။ ဝက်အူချောင်းတစ်ခုလုံးကို တစ်ပြိုင်နက် ကျွေးရင် တစ်ဖက်လူက ငြင်းပယ်နိုင်ပေမယ့်၊ အလွန်ပါးလွှာတဲ့ အလွှာလေးတွေ (Slices) ဖြစ်အောင် တစ်ပြားချင်း လှီးကျွေးမယ်ဆိုရင်တော့ သူတို့ကိုယ်သူတို့ ကုန်သွားမှန်းမသိဘဲ တစ်ချောင်းလုံး စားမိသွားတတ်တဲ့ သဘောကို တင်စားထားတာ ဖြစ်ပါတယ်။
နယ်ပယ်အသီးသီးမှာ ဒီဗျူဟာကို အောက်ပါအတိုင်း အသုံးပြုကြပါတယ် –
၁။ နိုင်ငံရေးနှင့် ပထဝီနိုင်ငံရေး (Politics & Geopolitics)
နိုင်ငံရေးမှာ လူထု သို့မဟုတ် အတိုက်အခံတွေက အကြီးအကျယ် ကန့်ကွက်မယ့်ကိစ္စမျိုးကို (ဥပမာ – အာဏာသိမ်းယူတာ၊ နယ်မြေသိမ်းတာ၊ အခွင့်အရေးတွေ ကန့်သတ်တာမျိုး) တစစချင်း ချဉ်းကပ်တဲ့ နေရာမှာ သုံးပါတယ်။
အစပြုလာပုံ။ ၁၉၄၀ ပြည့်လွန်နှစ်များက ဟန်ဂေရီ ကွန်မြူနစ်ခေါင်းဆောင် မာတရတ်စ် ရာကိုဆီ (Mátyás Rákosi) က စတင်သုံးနှုန်းခဲ့တာပါ။ သူက အတိုက်အခံ ပါတီတွေကို တစ်ပြိုင်နက် နှိမ်နင်းမယ့်အစား ခေါင်းဆောင်တွေကို တဖြည်းဖြည်းချင်း အပုပ်ချ၊ ဖယ်ထုတ်ပြီး “ တစ်လွှာချင်း လှီးဖြတ်သလို” ရှင်းထုတ်ပစ်ရင်း နောက်ဆုံးမှာ ကွန်မြူနစ်ပါတီတစ်ခုတည်း အာဏာရအောင် လုပ်ခဲ့တဲ့ နည်းလမ်းကို တင်စားခဲ့တာ ဖြစ်ပါတယ်။
မျက်မှောက်ခေတ် ပထဝီနိုင်ငံရေး။ နိုင်ငံတကာ နယ်နိမိတ် အငြင်းပွားမှုတွေမှာ တစ်ဖက်နိုင်ငံက စစ်အင်အားနဲ့ အလုံးအရင်း ဝင်မသိမ်းဘဲ၊ အငြင်းပွားရေပြင်မှာ ကျွန်းတုလေး တစ်ကျွန်းချင်းစီ ဆောက်တာမျိုး၊ နယ်စပ်မျဉ်းကို တဖြည်းဖြည်း တိုးချဲ့တာမျိုး လုပ်ဆောင်တာကို ခေါ်ပါတယ်။ တစ်ကြိမ်လုပ်ရင် စစ်ပွဲဖြစ်လောက်တဲ့ အထိ မပြင်းထန်တာမို့ တစ်ဖက်နိုင်ငံက တုန့်ပြန်ရခက်နေတတ်ပြီး ဆယ်စုနှစ်တစ်ခု လောက် ကြာတဲ့အခါမှာတော့ မြေပုံတစ်ခုလုံး ပြောင်းလဲသွားတတ်ပါတယ်။







