ဇွန်လ (၇)ရက်။
မနေ့က နေ့လယ် (၁)နာရီအချိန်ခန့်မှာ ပုသိမ်ကြီးမြို့နယ်ထဲ ဆိုင်ကယ်နဲ့ ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ဘက်တော်သား ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စိုက်ပျိုးရေးနည်းပညာတက္ကသိုလ်အစောင့်၊ တပ်မ(၃၃)ယူနီဖောင်းဝတ်တွေဖြစ်ပြီး ရေထွက်ရွာအနီးမှာ မြို့ပြစစ်ဆင်ရေး “ စိန်ပန်းစစ်ကြောင်း” ရဲဘော်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တာမှာ ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေရဲ့ လက်နက်ငယ်တွေ ချို့ယွင်းသွားတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးထဲသာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ပါလာတဲ့ လက်နက်ကို တက်ရောက်သိမ်းဆည်းဖို့ ကြိုးစားခဲ့ပေမယ့် လှည့်ကင်းကားတွေ ရောက်ရှိလာတာကြောင့် ပစ္စည်းအချို့သာ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုအခါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အလိုတူအလိုပါထောက်တိုင်တွေအနေနဲ့ ဘယ်နေရာမှာမဆို မလုံခြုံတာတွေကို ခံစားနေကြရပြီဖြစ်တာကြောင့် အချိန်မလွန်ခင် ပြည်သူ့ဘက်ကို ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။
ပြည်သူ့ဘက်တော်သား ပြောက်ကျားတပ်ဖွဲ့အနေနဲ့လဲ မြို့ပြစစ်ဆင်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ပြီး မိဘပြည်သူတွေရဲ့ ပံ့ပိုးကူညီတာတွေကိုလဲ လိုအပ်နေတယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။